ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်

ကယားပြည်နယ် ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းသို့ စစ်ကြောင်းထိုးလာပြီး ကျောက်ပိန်းညိုကျေးရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်ကို ၂၀၂၃ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့ကစတင်၍  ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီအဖွဲ့သည် သံလွင်တံတား(ဖားဆောင်း)ဖက်သို့ ဆုတ်ခွာသွားပြီး လက်နက်ကြီးများဖြင့် အလွန်အကျွံ ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ဇွန်လ(၂၁)ရက်နေ့တွင် တော်လှန်တပ်စစ်ကြောင်းသည် သံလွင်တံတား(ဖားဆောင်း)အား ထပ်မံထိုးစစ်ဆင်ခဲ့ပြီး တံတားထိပ်ရှိ တောင်ယာခင်းများ၌ တပ်စွဲနေသော စစ်ကောင်စီတပ် စစ်ကြောင်းနှင့် (၆)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

အထိနာသောစစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ကူ အများအပြားအသုံးပြုခဲ့ပြီး လေကြောင်းပစ်ကူ (၄)ကြိမ်အထိ ပါဝင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဒရုန်းများ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာအများအပြားရရှိခဲ့ကာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်မှ ရဲတော်တစ်ဦးနှင့် မဟာမိတ်ရဲဘော် (၅)ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ဇွန်လ(၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တိုက်ပွဲကို ဖားဆောင်းPDF(အမှတ်-၁၁၀၈)၊ ဘောလခဲPDF(အမှတ်-၁၁၀၅) တို့ပါ၀င်သော ဘောလခဲခရိုင် ပူးပေါင်းဗျူဟာစစ်ကြောင်းနှင့်အတူ အလယ်ပိုင်းတိုင်း ကယားစစ်ဒေသ တပ်ရင်းများဖြစ်သည့် Loikaw PDF အမှတ်-1103၊ အမှတ်-1101၊ အမှတ်-1102၊ အမှတ်-1104၊ အမှတ်-1106၊ အမှတ်- 1107 တပ်ရင်းနှင့် ERO အဖွဲ့တစ်ဖွဲ့၊ Drone တပ်ဖွဲ့များဖြစ်သည့် Falcon Win နှင့် ဘောလခဲခရိုင်ဗျူဟာ Drone တပ်ဖွဲ့များပါဝင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Video : Hpasawng PDF