မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီး ၎င်းတို့တပ်သားများရှိသည့်နေရာသို့ကျရောက်၍ သေဆုံးဒဏ်ရာရသူများရှိ

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ၎င်းတို့တပ်သားများရှိ‌သည့်နေရာသို့ ထိမှန်ခဲ့သဖြင့် ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ(၁၆)ရက်နေ့က KNDF-UAV တပ်ဖွဲ့က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များအား ဒရုန်းနှင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ လက်နက်ကြီးနှင့် ပြန်လည်ရမ်းသမ်းပစ်ခတ်သည်ဟု သိရသည်။

ထို့သို့ပြန်လည်ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ အရပ်သားနေအိမ်တွင် နေရာယူထားသော စစ်ကောင်စီတပ်သားများကို ထိမှန်ခဲ့သည့် ရုပ်သံအား KNDF-UAVက ယနေ့ဇွန်လ(၁၉)ရက်နေ့တွင်  ဖော်ပြလာသည်။

ရုပ်သံတွင် လက်နက်ကြီးကျရောက်မှုကြောင့် စစ်ကောင်စီတပ်သားများ နေရာယူထားသည့် အရပ်သားနေအိမ် ထိမှန်ပျက်စီးခဲ့ရပြီး ထိမှန်ဒဏ်ရာရသည့် ၎င်းတို့တပ်သားများအချင်းချင်း ကယ်ဆယ်ရေးလုပ်နေသည်ကိုလည်း မြင်တွေ့ရသည်။

ရှမ်း-ကယားနယ်စပ်နှင့် ကရင်နီ(ကယား)ပြည်နယ်တို့တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတက်များနှင့် ဒေသကာကွယ်ရေးတပ်များအကြား ရက်ရှည်တိုက်ပွဲများပြင်းထန်နေသည်။

#TachileikNewsAgency

Video : KNDF-UAV Department