ရှမ်းမြောက် နယ်စပ်ဂိတ် (၇)ခုတွင် ကျန်းမာရေးဝန်ထမ်းများ အလှည့်ကျတာဝန်ယူ၍ စောင့်ကြည့်စစ်ဆေးပေးနေ

ရှမ်းမြောက် နယ်စပ်ဂိတ် (၇)ခုတွင် ကျန်းမာရေးဝန်ထမ်းများ အလှည့်ကျတာဝန်ယူ၍ စောင့်ကြည့်စစ်ဆေးပေးနေ
ဇန်နဝါရီ 31, 2020
By Tachileik News Agency

ရှမ်းမြောက် နယ်စပ်ဂိတ် (၇)ခုတွင် ကျန်းမာရေးဝန်ထမ်းများ အလှည့်ကျတာဝန်ယူ၍ စောင့်ကြည့်စစ်ဆေးပေးနေ

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နယ်စပ်ဝင်ပေါက် (၇)ခုတွင် ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်) ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက နံနက် (၇)နာရီမှ ည (၉)နာရီအထိ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ဆောင်ထားပြီး အများပြည်သူအနေဖြင့် ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များ လိုက်နာကြရန် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းလိုက်သည်။

"တရုတ်နိုင်ငံဘက်ကနေ အဲဒီရောဂါပိုးက စတင်ပြန့်ပွားလာတာဖြစ်တဲ့အတွက် ရှမ်းမြောက်မှာဆိုရင် မူဆယ် မြို့နဲ့ အဲဒီနားတစ်ဝိုက်က အဓိကဝင်ပေါက်တွေအပါအဝင် ဝင်ပေါက် (၇) ခုလုံးမှာ ကျန်းမာရေးဝန်ထမ်းတွေကို အချိန်အပိုင်းအခြားနဲ့ အဖွဲ့ခွဲပြီး မနက် (၇) နာရီကနေ ည (၉) နာရီအထိ တာဝန်ချထားပါတယ်။ ဒါ့အပြင် နမ့်ခမ်းမြို့ ၊ ချင်းရွှေဟော်မြို့တို့မှာရှိတဲ့ ဝင်ပေါက်တွေမှာလည်း ကျန်းမာရေးဝန်ထမ်းတွေချထားပြီး တရုတ်ပြည်ဘက်က ဝင်လာသူတွေကို အပူချိန်တိုင်းတာ တာတွေလုပ်ပါတယ်။ အသိပညာပေး စာစောင်တွေ ဖြန့်ဝေတာလည်း လုပ်နေပါတယ်။ လက်ရှိအချိန်ထိတော့ သံသယရှိတဲ့သူ မတွေ့ရသေးပါဘူး"

ဟု  ရှမ်းပြည်နယ်မြောက်ပိုင်း(လားရှိုး) ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က ပြောသည်။

ဝူဟန်အဆုတ်ရောင်ရောဂါ (Novel Corona Virus ( 2019 – nCoV ) - နိုဗယ် ကော်ရိုနာဗိုင်းရပ်စ်)နှင့် ပတ်သက်၍ ပြည်နယ်တွင်း ဆောင်ရွက်ထားမှု အခြေအနေများနှင့် ရောဂါကာကွယ်ရေး လုပ်ဆောင်ရမည့် အချက်များကို လားရှိုးမြို့ရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ရှင်းလင်းသည်။

ရှမ်းပြည်နယ်အတွင်း အဆိုပါ ရောဂါအား စောင့်ကြည့်ခြင်းနှင့် ရောဂါကာကွယ်ရေးအတွက် ပြည်နယ် ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပညာပေးစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးစာသားများ ပါဝင်သည့် သတိပေး ဆိုင်းဘုတ်ဗီနိုင်းများအား အများသူငါမြင်သာနိုင်သည့်နေရာများတွင် ကပ်ထားပေးခြင်းတို့ကိုလည်း ပြုလုပ်ထားကြောင်း သိရသည်။

ရောဂါသံသယဖြစ်ဖွယ် လူနာတွေ့ရှိပါက သီးသန့်ထား၍ စောင့်ကြည့်ကုသနိုင်ရန်အတွက် ရှမ်းပြည်နယ်အတွင်း ပြည်သူ့ဆေးရုံတိုင်းတွင် အထူးကြတ်မတ်ကုသခန်းများကိုလည်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန် ညွှန်ကြားထားသည့်အပြင် ရောဂါကူးစက်ခံရသည့် လူနာအတည်ပြုပြီးပါက အခြားမြို့ရွာများသို့ သယ်ဆောင်ရာတွင် ပြည်သူ့ဆေးရုံရှိ လူနာတင်ယာဉ်ဖြင့်သာ သယ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် လက်ကို မကြာခဏဆပ်ပြာဖြင့်ဆေးကြောခြင်း၊ နှာခေါင်းစည်း( Mask ) တပ်ဆင်ခြင်း၊ လူထူထပ်ရာနေရာများသို့ တတ်နိုင်သရွေ့ မသွားဘဲနေခြင်း၊ အသားငါးများကို ကောင်းမွန်စွာ ချက်ပြုတ်စားသောက်ခြင်းစသည်တို့ကို လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင်စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့အထိ ရောဂါကူးစက်ခံရသူစုစုပေါင်း (၉၈၁၆)ဦးရှိပြီး သေဆုံးသူအရေအတွက်မှာ (၂၁၃)ဦးရှိနေပြီဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~