နောင်ချိုမြို့တွင် အောက်ဆီဂျင်ပေးထားရသူ လူနာတစ်ဦး ဆေးရုံ၌ ကုသစဉ် သေဆုံးသွားပြီးမှ ၎င်းတွင် Covid-19 ပိုးရှိနေမှန်းသိ

နောင်ချိုမြို့တွင် အောက်ဆီဂျင်ပေးထားရသူ လူနာတစ်ဦး ဆေးရုံ၌ ကုသစဉ် သေဆုံးသွားပြီးမှ ၎င်းတွင် Covid-19 ပိုးရှိနေမှန်းသိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့တွင် ဇွန်လ (၂၆)ရက် ညပိုင်းက အောက်ဆီဂျင်ပေးထားရသော လူနာတစ်ဦး နောင်ချိုပြည်သူ့ဆေးရုံသို့ ရောက်ရှိလာပြီး ကုသနေစဉ် သေဆုံးသွားခဲ့ရာ သေဆုံးပြီးမှ Covid-19 ရောဂါပိုးရှိနေသူမှန်း စစ်ဆေး သိရှိရသဖြင့် ညတွင်းချင်းသင်္ဂြိုလ်ခဲ့ရပြီး ၎င်းလူနာနှင့်ဆက်စပ်၍ ကျောက်မဲမြို့တွင်လည်း ထိတွေ့သူရှိထားသည်ဟု သိရှိရသည်။

ဇွန်လ (၂၆)ရက် ည (၁၂)နာရီခန့်က နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာတွင်နေထိုင်သူ အသက် (၄၇)နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် အောက်ဆီဂျင်ပေးထားသည့် အခြေအနေဖြင့် နောင်ချိုပြည်သူ့ဆေးရုံသို့ရောက်ရှိလာကာ ကုသမှုခံယူနေစဉ် နံနက် (၁)နာရီခွဲဝန်းကျင်၌ သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

သေဆုံးသူအား Covid-19 ပိုးရှိ မရှိ စစ်ဆေးကြည့်ရာ  တွေ့ရှိသဖြင့် လူနာရှင်များ၏ ဆန္ဒအရ ညတွင်းချင်း သင်္ဂြိုလ်ခဲ့ပြီး ၎င်းနှင့်ထိစပ်ခဲ့သူအားလုံးကို ဆက်သွယ်ရှာဖွေကာ သီးသန့်ခွဲထားပြီးဖြစ်သည်ဟု သိရသော်လည်း ၎င်းလူနာနှင့်ဆက်စပ်၍ ရှမ်း/မြောက် ကျောက်မဲမြို့ရှိ မန်ခဲကျေးရွာတွင်လည်း ထိတွေ့ထားသူအချို့ရှိနေကြောင်းလည်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၁၉)ရက်မှ ဇွန်လ (၂၇)ရက် နေ့လည်ပိုင်းထိ Covid-19 ရောဂါပိုးတွေ့သူ စုစုပေါင်း (၁၅၀)ဦးရှိနေရာတွင် (၁)ဦးသေဆုံးသွားပြီး ၎င်းနှင့်တဆက်တည်းဖြစ်သည့် ကျောက်မဲမြို့တွင် Covid-19ပိုး တွေ့သူ (၅)ဦး ( ၂ ဦးမှာ သီပေါအကျဉ်းထောင်သို့ပို့ထား) ရှိနေခြင်းဖြစ်သည်။