ကိုးကန့်တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးတပ်စခန်း အပါအဝင် စခန်း ၄ ခုကို MNDAA သိမ်းပိုက် 

ကိုးကန့်တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးတပ်စခန်း အပါအဝင် စခန်း ၄ ခုကို MNDAA သိမ်းပိုက် 
နိုဝင်ဘာ 24, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးတောင်ကုန်းဖြစ်သော ဆိုင်တာအိုင်တောင်စခန်းကုန်းအပါအဝင် စခန်း(၄)ခုကို ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၄)ရက်နေ့တွင် MNDAAက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

MNDAAသည် ကိုးကန့်ဒေသ၏ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ စစ်ရေးစခန်း(၄)ခုကို သိမ်းယူနိုင်ခဲ့ပြီး မြောက်ပိုင်း ဟုန်ရှင်းဒေသတိုက်ပွဲတွင်လည်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

MNDAAသည် ယနေ့နံနက်ပိုင်းတွင် ကိုးကန့် တုန်းရှမ်းဒေသ ပါကျောက်ရွှေနှင့် လွမ်းလောက်လင် တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်း (၂)ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် MNDAAသည် ကိုးကန့် တုန်းရှမ်းဒေသ(လောက်ကိုင်တုန်းချိန်ပြင်ပတစ်ဝိုက်)ဆိုင်တာအိုင်တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းတပ်စခန်းသည် စစ်ကောင်စီ၏ လောက်ကိုင်ဒေသတွင် အခြေချသော နောက်ဆုံးတပ်စခန်းဖြစ်ကြောင်း သိရသည်။

ယနေ့တွင်ပင် MNDAAသည် လောက်ပေါက်ကျိုင့်အနောက် တောင်ကုန်းမှ စစ်ကောင်စီအခြေချနေထိုင်သော ပေထန်တပ်စခန်းအား တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်၏ (၆၀)မမ စိန်ပြောင်း (၂)လက်၊ (၈၄)မမ နောက်ကန်အားမဲ့အမြောက်(၁)လက်၊ စက်သေနက်အကြီး (၂)လက်၊ ရိုင်ဖယ် (၃)လက်၊ ပစ္စတို (၁)လက်၊ မိုင်းထောက်စက် (၁)စက်နှင့် (၆၀)မမကျည်များ၊ ဟောင်ဝီဇာ အမြောက်ကျည်၊ လက်ပစ်ဗုံးအမျိုးမျိုးနှင့် ကျည်ဆံများ၊ ကွန်ပျူတာ တစ်လုံး၊ မြင်းနှင့် မြည်း(၁၅)ကောင်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ကလည်း ကိုးကန့် တုန်းရှမ်းဒေသရှိ ဟူတောင်စခန်းကို သိမ်းပိုက်စဉ်တွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ညီနောင်မဟာမိတ်များ၏ (၁၀၂၇)စစ်ဆင်ရေး (၂၉)ရက်မြောက်တွင် စစ်ကောင်စီတပ်၏ တပ်စခန်းအကြီး၊ အသေးစုစုပေါင်း (၁၇၁)ခု သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo :The Kokang