မကွေးတိုင်းဒေသကြီးအတွင်း မိုးလေဝသ ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် တောင်သူများ သမရိုးကျ မစိုက်ပျိုးဘဲ စိုက်ပျိုးရေးဌာန၏ နည်းစနစ်များကို လိုက်နာစိုက်ပျိုးရန် အကြံပြု

မကွေးတိုင်းဒေသကြီးအတွင်း မိုးလေဝသ ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် တောင်သူများ သမရိုးကျ မစိုက်ပျိုးဘဲ စိုက်ပျိုးရေးဌာန၏ နည်းစနစ်များကို လိုက်နာစိုက်ပျိုးရန် အကြံပြု
သြဂုတ် 14, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း မိုးလေဝသ ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် တောင်သူများ သမရိုးကျ မစိုက်ပျိုးဘဲ စိုက်ပျိုးရေးဌာန၏ နည်းစနစ်များကို လိုက်နာစိုက်ပျိုးရန် အကြံပြု

မကွေးတိုင်းဒေသကြီးအတွင်း  မိုးလေဝသပြောင်းလဲမှု ဖြစ်စဉ်များကြောင့် သီးနှံပျက်ဆီးမှုများနှင့် ကြုံတွေ့နေကြရသဖြင့် တောင်သူများ သမရိုးကျ စိုက်ပျိုးလေ့သည့် ပုံစံများကို စွန့်ပယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ လမ်းညွှန်သည့် နည်းစနစ်များကို လိုက်နာစိုက်ပျိုးကြရန် မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာန က အကြံပြုပြောကြားသည်။

“ရာသီဥတုက ဖောက်ပြန်တာ မဟုတ်ဘဲ ပြောင်းလဲသွားတာဖြစ်လို့ ပြောင်းလဲတဲ့ရာသီဥတုနဲ့ လိုက်လျောညီထွေမယ့် စိုက်ပျိုးမှုပုံစံတွေ လုပ်ရတော့မှာပါ။ တောင်သူတွေ မိရိုးဖလာသော်လည်းကောင်း ဈေးကွက်အရသော်လည်းကောင်း စိုက်နေကြတဲ့ သီးနှံမျိုးတွေကို ဖက်တွယ်မနေကြဘဲ သက်တမ်းတိုပြီး အထွက်ကောင်းတဲ့မျိုးတွေကို ပြောင်းလဲစိုက်ရပါမယ်။ ရေငတ်တဲ့ဒေသတွေမှာ ရေငတ်ဒဏ်ခံနိုင်တဲ့ မျိုး၊ ချောင်းနဲ့မြစ်နဲ့ နီးတဲ့စိုက်ခင်းတွေကျတော့ ရေကြီးနစ်မြုပ်မှုမှု ဒဏ်ခံနိုင်တဲ့မျိုး ဒီလိုမျိုးတွေကို ပြောင်းလဲစိုက်ပျိုးဖို့ လိုပါမယ်”ဟု မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးလင်းမြတ် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သမရိုးကျစိုက်လေ့ရှိသည့် အချိန်ကာလအတိုင်း စိုက်ပျိုးခြင်းမပြုဘဲ မိုး အရ စောခြင်း၊ နောက်ကျခြင်း၊ မိုးခွာသည့် အခြေအနေများကို လိုက်၍ သီးနှံများကို စော၍ သော် လည်းကောင်း၊ နောက်ကျ၍သော် လည်းကောင်း စိုက်ပျိုးရန် လိုအပ်ပြီး မိုးခေါင်မှုကြောင့် ကြုံတွေ့ရသည့် အခက်အခဲကို ဖြေလျှော့နိုင်ရန် ရေစုကန်များကို တောင်သူအင်အား၊ နိုင်ငံတော်အင်အား၊ NGO, INGO အင်အားများရယူ တည်ဆောက်စိုက်ပျိုးကြရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်းတွင် ရေကြီးနစ်မြုပ်ခြင်း၊ မိုးခေါင်ခြင်း ၊ ပိုးမွှားကျခြင်း စသည့် သဘာ၀ဘေး များကြောင့် နွေစပါး ၊ မိုးစပါး ၊ ဖူးစားပြောင်း ၊ မြေပဲ ၊ နွေနှမ်း ၊မိုးနှမ်း ၊ပဲတီစိမ်း ၊ ချည်မျှင်ရှည်ဝါ ၊ ဟင်းသီးဟင်းရွက် ၊ ပဲစဉ်းငုံ ၊ နေကြာ စသည့် သီးနှံစိုက်ခင်းများ ထိခိုက်မှုကြုံခဲ့ရပြီး ၂၀၁၉-၂၀၂၀ ခုနှစ်၌ သီးနှံမျိုးစုံစိုက်ဧက (၃)သိန်း(၅)သောင်းကျော်ထိခိုက်ခဲ့ကာ ဧက (၁)သိန်း (၃)သောင်းကျော် (၁၃၃,၇၉၅ ဧက) ပျက်ဆီးခဲ့ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။

ရာသီဥတုကြောင့် အများဆုံး ထိခိုက်ပျက်ဆီးမှုနှင့်ကြုံတွေ့ရသည့် သီးနှံမှာ နွေနှမ်းနှင့် မိုးနှမ်းဖြစ်ပြီး ၂၀၁၈ ခုနှစ်က ရေကြီးနစ်မြုပ်မှုကြောင့် နွေနှမ်း နှင့် မိုးနှမ်း စိုက်ဧက(၁၅၈၆၂၁)ဧက၊ ၂၀၁၉ ခုနှစ်တွင် ရေကြီး နစ်မြုပ်မှု နှင့် မိုးခေါင်မှုတို့ကြောင့် (၂၁၀၆၆)ဧက ၊ ၂၀၂၀ ခုနှစ်တွင် ရေကြီးနစ်မြုပ်မှု နှင့် မိုးလို၊ မိုး ခေါင်မှုကြောင့် (၂၉၈,၀၁၇)ဧက ထိခိုက်ခဲ့ကြောင်း မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~