ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်ကျေးရွာအနီးတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား (၃)ဦး အလင်းဝင်လာသည်ဟု DPLA ထံမှ သိရသည်။
DPLA နှင့် စစ်ကောင်စီတပ်တို့ ကျောက်ဂူတိုက်နယ်ကျေးရွာအနီး၌ ၂၀၂၅ခုနှစ် ဧပြီလ(၂၁)ရက်နေ့ နေ့လယ်ပိုင်းက စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ (၅)နာရီခွဲတွင် တိုက်ပွဲပြီးဆုံးခဲ့သည်ဟု သိရသည်။
“ကျွန်တော်တို့က ဖြတ်တိုက်တာ။ စစ်ကောင်စီတပ်တွေ ကား ၉ စီးနဲ့ တောင်းခမ်းဘက်ကို အသွားမှာ ကျွန်တော်တို့ ဖြတ်တိုက်တာ။”ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးသူရှိခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကောင်စီတပ်သား (၃)ဦး အလင်း၀င်လာသည်ဟု သိရသည်။
“အလင်းဝင်လာသူ ၃ ဦးက စစ်မှုထမ်းတပ်သားတွေပါ။ ဒီနေ့အထိ တိုက်ပွဲဆက်ဖြစ်နေပါတယ်။”ဟု ၎င်းကဆက်ပြောသည်။
အလင်းဝင်တပ်သားများမှာ ၂၀၂၄ခုနှစ်ကုန်ပိုင်းတွင် စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူများဖြစ်ပြီး သီပေါမြို့ အခြေစိုက် ခလရ(၂၃)တပ်ရင်းနှင့် နောင်ဝိုးအခြေစိုက် ခလရ(၂၉၂)တပ်ရင်းတို့မှဖြစ်သည်ဟု သိရသည်။
ထိုတိုက်ပွဲမဖြစ်ပွားခင် စစ်ကောင်စီတပ်သည် ကျောက်ဂူတိုက်နယ်ကျေးရွာ အနီးတဝိုက်ရွာများကို လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်း၊ လေယာဉ်နှင့် ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
တောင်းခမ်းကျေးရွာတွင်လည်း TNLA ပူးပေါင်း DPLA တပ်များရှိရာသို့ စစ်ကောင်စီတပ်ဘက်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် ယနေ့အချိန်အထိ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်ဟု သိရသည်။
၂၀၂၅ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း (၆၇)ကြိမ်အထိ ဖြစ်ပွားခဲ့ဟု သိရသည်။
#TachileikNewsAgency
Photo:Danu People's Liberation Front - DPLF