SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း မိခင်ဘာသာ ရှမ်းစကားကို အသုံးပြုသည့် သင်ရိုးညွန်းတန်းအသစ်အား ပြောင်းလဲအသုံးပြုမည်

SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း မိခင်ဘာသာ ရှမ်းစကားကို အသုံးပြုသည့် သင်ရိုးညွန်းတန်းအသစ်အား ပြောင်းလဲအသုံးပြုမည်

SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းနေထိုင်သည့် တိုင်းရင်းသားလူငယ်များ၏ ပညာရေးတိုးတက်စေရန် မိခင်ဘာသာစကားအား အခြေခံသည့် MTB-Mother Tongue-Based သင်ရိုးညွန်းတန်းအသစ်ကို ၂၀၂၄ ခုနှစ်အတွင်း စတင်အကောင်အထည်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ ၂၀၂၄ ခုနှစ် မေလ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မိခင်ဘာသာစကားကို အသုံးပြုသည့် သင်ရိုးဖြစ်သည့်အတွက် သင်ကြားရေးတွင် ပိုမိုလွယ်ကူထိရောက်ပြီး ကလေးများ၏ နားလည်နိုင်စွမ်းနှင့် တွေးခေါ်နိုင်စွမ်းကိုပါ တိုးတက်လာစေမည်ဖြစ်ကြောင်း SSPP ပညာရေးမှူး စဝ်သီဟမှ ဆိုသည်။

သင်ရိုးကို လက်တွေ့အသုံးပြုသည့်အခါ လွယ်ကူစေရန်အတွက် အချိန်တစ်လကျော်ကြာမြင့်သည့် ပညာရေးမွမ်းမံသင်တန်း အပတ်စဉ်(၂)ကို SSPP ဌာနချုပ် ဝမ်ဟိုင်းတွင် ကျောင်းဆရာနှင့်ဆရာမ (၁၇၂)ဦး တက်ရောက်သင်ကြားနေကြောင်းသိရသည်။

ပညာရေးမွမ်းမံသင်တန်းတွင် မိခင်ဘာသာစကားသင်ကြားနည်းအပြင် ခေတ်မှီသင်ကြားရေးစနစ်များဖြင့် ကလေးများကို သင်ကြားပို့ချနိုင်ရန်နှင့် ရှမ်းသမိုင်းနှင့် တခြားပညာရပ်များကိုလည်း သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးသွားပါက သက်ဆိုင်ရာဒေသများတွင်ရှိသည့် ကျောင်းများတွင် သွားရောက်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သင်တန်းဆရာ စိုင်းမိန်းထွန်းမှ ဆိုသည်။

SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း အစိုးရကျောင်းမရှိသည့်နေရာများနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နေရာများတွင် SSPP/SSA ၏ ပညာရေးဌာနမှ ၂၀၁၃ ခုနှစ်မှ ၂၀၂၄ခုနှစ်ထိ ကျောင်းပေါင်းတစ်ရာကျော်ကိုတည်ဆောက်ပေးခဲ့ပြီး၊ အခမဲ့ပညာရေးစနစ်ကိုလည်း ဖော်ဆောင်ပေးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် SSPP/SSA ပညာရေးဌာနမှ ပညာရေးအသုံးစရိတ်အနေဖြင့် တစ်နှစ်လျှင် ကျပ်သိန်း(၅၀၀၀) ကျော် သုံးစွဲလျှက်ရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo: SSPP Info