စစ်ကိုင်းမြို့နယ်၊ စဉ်ကိုင်ရွာအနီးတိုက်ပွဲတွင် စစ်ကိုင်းခရိုင်တပ်ရင်း (၃)မှ ဒုတပ်စိတ်မှူးနှင့် ရဲဘော်တစ်ဦး ကျဆုံး

စစ်ကိုင်းမြို့နယ်၊ စဉ်ကိုင်ရွာအနီးတိုက်ပွဲတွင် စစ်ကိုင်းခရိုင်တပ်ရင်း (၃)မှ ဒုတပ်စိတ်မှူးနှင့် ရဲဘော်တစ်ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စဉ်ကိုင်ရွာအနီးတွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ(၄)ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ‌ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ စစ်ကိုင်းခရိုင်တပ်ရင်း(၃)မှ ဒုတပ်စိတ်မှူးနှင့် ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့ရကြောင်း သိရသည်။



ဝက်လက်မြို့မှ စစ်ကိုင်းဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် အင်အား(၁၄၀)ဝန်းကျင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့ တိုက်ပွဲဖြစ် ပွားခဲ့ရာမှ တိုက်ပွဲတွင် စစ်ကိုင်းခရိုင်တပ်ရင်း(၃)မှ ဒုတပ်စိတ်မှူး ရဲဘော်နိုင်းနိုင်းနှင့် ရဲဘော်သာဒင် တို့ကျဆုံးခဲ့ရပြီး စစ်ကောင်စီတပ်ဘက်ကလည်း (၁၃)ဦးဝန်းကျင်သေသည်ဟု စစ်ကိုင်းခရိုင်တပ်ရင်း(၃)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကို ပြောသည်။



ထို့အပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်သည့်နေရာအနီးရှိ တောရကျောင်းမှ သီလရှင်တစ်ပါးကို ဖမ်းသွားပြီး ပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်သွားသည်ဟု သိရသည်။



လက်ရှိတွင် စစ်ကောင်စီတပ်များသည် စဉ်ကိုင်ရွာမှတဆင့် တောင်ရင်းရွာ ဘက်သို့ရောက်ရှိနေသဖြင့် ဒေသခံများ တိမ်းရှောင်နေကြရသည်ဟု သိရသည်။အဆိုပါ စစ်ကောင်စီတပ်ကြောင့် ဝက်လက်နှင့် စစ်‌ကိုင်းမြောက်ခြမ်းရှိ တမာကန်၊ တလိုင်၊ စဉ်ကိုင်၊ အုတ်ဖိုရွာ၊ ချောင်းဦး၊ ‌တောင်ရင်းရွာများမှ ဒေသခံများ တိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု သိရသည်။



#TachileikNewsAgency