ဝေါမြို့နယ် သူရဲသမိန်ရဲစခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ဝေါမြို့နယ် သူရဲသမိန်ရဲစခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်
နိုဝင်ဘာ 27, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ဝေါမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ အထိုင်ချထားသည့် သူရဲသမိန်ရဲစခန်းကို KNLA ပူးပေါင်းတပ်များက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ် စစ်တောင်းမြစ်ကမ်းနားရှိ သူရဲသမိန်ရွာ ရဲစခန်းအတွင်း စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင် အင်အား(၄၀)ဝန်းကျင် အထိုင်ချထားရာ KNLA ပူးပေါင်း PDFတပ်များ၊ ပကဖ တပ်များက ယနေ့ နံနက်(၆)နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပူးပေါင်းတပ်တွေက ဝင်တိုက်တာ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦးကျတယ်။ စစ်ကောင်စီတပ်ဘက်က (၄)ဦးသေတယ်။ သေနတ်တစ်လက်ရတယ်။ ရဲစခန်းထဲမှာ (၃)ဦးသေတယ်၊ ရွာထဲမှာတစ်ဦးသေတယ်။ ရဲစခန်းကိုသိမ်းပြီးတော့ ပြန်ဆုတ်ခွာခဲ့တယ်။”ဟု တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်းရှိ စခန်းမှူးအပါအဝင် ရဲနှင့် စစ်ကောင်စီတပ်သားများ ထွက်ပြေးလွတ်မြောက်သွားသည်ဟုလည်း ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ် ခမရ(၅၉၈)တပ်ရင်းကိုလည်း KNLA ပူးပေါင်းတပ်များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။

#TachileikNewsAgency