NCA လက်မှတ်ရေးထိုးသားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ Video Conferencingဖြင့် အစည်းအဝေးပြုလုပ်

NCA လက်မှတ်ရေးထိုးသားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ Video Conferencingဖြင့် အစည်းအဝေးပြုလုပ်
မေ 7, 2024 | 2021 Military Coup

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့၊ (၁/၂၀၂၄) ဦးဆောင်အဖွဲ့အစည်းအဝေးကို Video Conferencingဖြင့် ယနေ့ ၂၀၂၄ခုနှစ် မေလ (၇)ရက်နေ့မှ စတင်ကျင်းပလျက်ရှိပြီး မေလ (၈)ရက်နေ့အထိ ၂ ရက်တာ  ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA-PC)၊ လားဟူးဒီမိုကရက်တစ်အစည်းအရုံး(LDU)နှင့် ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (PNLO)တို့ပါဝင်သည်။

(NCA) လက်မှတ်ရေးထိုးသားသည့် အဖွဲ့ (၇)ဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လ (၁၇-၁၈) ရက်များတွင် ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့၌ မျက်နှာစုံညီအစည်းအဝေးပြုလုပ်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များမှတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရန်၊ ငြိမ်းချမ်းရေးဆိုင်ရာ ရလာဒ်များရရှိနိုင်ရန် လူထု၏သဘောထားကို ဖော်ထုတ်နိုင်သည့်အခင်းအကျင်းများ ဖန်တီးရန်၊ လက်ရှိပဋိပက္ခများဖြေရှင်းရာတွင် ငြိမ်းချမ်းစွာ အဖြေရှာလိုသည့် အင်အားစုများ၏ သဘောထားများကို ဖော်ထုတ်ဖော်ဆောင်သွားရန် စသည့် နိုင်ငံရေးသဘောထားများကို ချမှတ်နိုင်ခဲ့ကြောင်းသိရသည်။

#TachileikNewsAgency