လူသတ်ရန် လက်နက်ကိုင်ခိုင်းသည့် ဦးဝါသဝကို သာသနာပြန့်ပွားရေးလုပ်ငန်းများလုပ်သည်ဟုဆိုပြီး YMBAက ဘွဲ့ပေး

လူသတ်ရန် လက်နက်ကိုင်ခိုင်းသည့် ဦးဝါသဝကို သာသနာပြန့်ပွားရေးလုပ်ငန်းများလုပ်သည်ဟုဆိုပြီး YMBAက ဘွဲ့ပေး

အာဏာသိမ်းစစ်ကောင်စီ၏ ဘာသာရေး လက်ကိုင်တုတ်၊ သင်္ကန်းဝတ်၍ လူသတ်ခိုင်းသူ၊ ဗုဒ္ဓတရားတော်များအား သိက္ခာချနေသည့် ၅၀၅ ဆရာတော်ဟု လူသိများသော ဦးဝါသဝကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)က မင်္ဂလဓမ္မဇောတိကတဇဘွဲ့ ပေးလိုက်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူနယ်တွင် ဗုဒ္ဓတရားတော်များအားပစ်ပယ်ကာ ဒေသခံများအား လက်နက်ကိုင်စေပြီး ပျူစောထီးအဖြစ် ဖွဲ့စည်း၍ ရွာများအားမီးရှို့၊ လူသတ်ခိုင်းနေသော ဦးဝါသဝဆိုသူကို ယနေ့ ၂၀၂၄ ခုနှစ် မေလ(၆)ရက်နေ့တွင် စစ်ကောင်စီ၏ လက်အောက်ခံ YMBAက အဆိုပါဘွဲ့အား ချီးမြင့်လိုက်ခြင်းဖြစ်သည်။

လူသတ်ရန်ခိုင်းစေနေသည့် ဦးဝါသဝကို ဂေါတမမြတ်စွာဘုရား၏ အံ့ဖွယ်ရှစ်ဖြာ သာသနာတော်သုံးရပ်ကို ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ အမျိုးဘာသာ၊ သာသနာပြန့်ပွားရေး လုပ်ငန်းများအား စွမ်းစွမ်းတမံ ဆောင်ရွက်နေခြင်းကြောင့် အဆိုပါဘွဲ့ကို ပေးအပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဦးဝါသဝသည် တန့်ဆည်မြို့နယ် မူးမြစ်ကမ်းဘေးရှိ မူးခွရွာသားဖြစ်ပြီး အဖေအမည် ဦးပပွေး၊ အမေ အမည် ဒေါ်ဝင်းကြည်ဖြစ်ကာ မွေးချင်း (၈)ဦးအနက် (၄)‌ဦး‌မြောက်ဖြစ်သည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က တပ်ဆင်ပေးသည့် လက်နက်များဖြင့် ကန့်ဘလူနယ်တွင် ပျူစောထီးများကို ဦးစီးနေသူဖြစ်သည်။ 

ဒေသခံများ၏ ပြောပြချက်အရ ဦးဝါသဝ၏ ပျူစောထီးတပ်များသည် ကန့်ဘလူနယ်အတွင်းရှိ ရွာပေါင်း(၁၀၀)ကျော်ကို မီးရှို့ဖျက်ဆီးပြီး အရပ်သားများကိုလည်း သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

ကန့်ဘလူမြို့နယ်ရှိ  ဦးဝါသဝထိုင်သော သာသနာ့အလင်းရောင်ကျောင်းတိုက်တွင် ပြည်သူ့စစ်သင်တန်းများ ပို့ချကာ လက်နက်များ တပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency