တောင်စွန်းစခန်းနှင့် အနန်းကွင်းဗျူဟာစခန်းသို စစ်ကူလာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခံရပြီး (၆)ဦးသေ

တောင်စွန်းစခန်းနှင့် အနန်းကွင်းဗျူဟာစခန်းသို စစ်ကူလာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခံရပြီး (၆)ဦးသေ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသရှိ စစ်ကောင်စီတပ်၏ တောင်စွန်းစခန်းနှင့် အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူလာသော စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ယနေ့ ၂၀၂၄ခုနှစ် မေလ(၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တောင်စွန်းစခန်းနှင့် အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူလာသော စစ်ကောင်စီတပ် ခမရ(၄၀၃) စစ်ကြောင်းအား နဂါးနီစစ်ကြောင်းနှင့် KNLA တပ်ရင်း(၁၆)တို့မှ ၂၀၂၄ခုနှစ် ဧပြီလ(၂၈)ရက်နေ့တွင် လိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲမှာ တစ်နေ့လုံးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က Jet Fighterဖြင့် (၆)ကြိမ်၊ MI 35ဖြင့် (၂)ကြိမ်၊ ဝဲကလီအမြောက်တပ်မှ (၁၅၅)မမ ဟောင်ဝစ်ဇာပစ်ကူများ၊ အနန်းကွင်းဗျူဟာစခန်းမှ (၈၁)မမ ပစ်ကူများပေးခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်၏ MA 4 တစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်သား (၆)ဦး သေဆုံးကြောင်း အတည်ပြုသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ခလရ (၂၈၄)အခြေစိုက် တောင်စွန်းစစ်စခန်းအား ၂၀၂၄ ခုနှစ် မေလ (၃)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

တောင်စွန်းစခန်းအား ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ဒရုန်းစစ်ဆင်ရေးစတင်ခဲ့ပြီး ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ မေလ (၃)ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ်သိမ်းနိုင်ခဲ့သည်ဟု သိရသည်။

စခန်းသိမ်းရှင်းလင်းရာ လက်နက်ကြီး၊ လက်နက်ငယ်  (၄၀)ကျော်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆)ဦးသေဆုံးကာ တပ်ရင်းမှုးအပါ (၁၃)ဦး ထွက်ပြေးသွားသည်ဟု သိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် (၈)ကြိမ်၊ MI35ဖြင့် (၅)ကြိမ်၊ Y12 ဗုံးကြဲလေယဥ်ဖြင့် (၂၃)ကြိမ်၊ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၃၆)ကြိမ်ပြုလုပ်ခဲ့ပြီး တောင်စွန်းကျေးရွာနှင့် ဆင်ပြေးကျေးရွာရှိ ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ် (၅၀)ကျော် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်များလည်း ထိခိုက် ကျဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

တောင်စွန်းတပ်စခန်းသည် စစ်ကောင်စီတပ်က နှစ်(၄၀)ကျော် အထိုင်ချတပ်စွဲထားသော တပ်စခန်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Red Dragon Column နဂါးနီ စစ်ကြောင်း-P 29903