ညီနောင် ၃ ဖွဲ့နှင့် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးတို့တွင် ပူးပေါင်းနေဟု NUG နိုင်ငံခြားရေးဝန်ကြီးပြော

ညီနောင် ၃ ဖွဲ့နှင့် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးတို့တွင် ပူးပေါင်းနေဟု NUG နိုင်ငံခြားရေးဝန်ကြီးပြော

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် စစ်ရေး၊နိုင်ငံရေးနှင့် အုပ်ချုပ်ရေးတို့တွင် ပူပေါင်းဆောင်ရွက်နေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး‌မိုးဇော်ဦးက ပြောသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် Tachileik News Agency၏ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ဟာ အရေးကိစ္စအားလုံးပေါ့ အရေးကိစ္စဆိုတာ စစ်ရေးတင်မက နိုင်ငံရေးပဲဖြစ်ဖြစ် နောက်တစ်ခါအုပ်ချုပ်ရေးပဲဖြစ်ဖြစ် ပြည်သူ့ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေပဲဖြစ်ဖြစ်ပေါ့လေ နောက်ပြီး လူသားချင်းစာနာမှု အကူအညီပေးတဲ့လုပ်ငန်းတွေပဲ ဖြစ်ဖြစ် နောက်ဆုံးပြောရမယ်ဆိုရင် ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံမှုပေါ့ ဒါနိုင်ငံတကာဆက်ဆံမှု နိုင်ငံခြားရေးနဲ့ ပတ်သက်ရင်လဲ နယ်စပ်မှာရှိတဲ့ ဒီသက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ပဲဖြစ်ဖြစ်ပေါ့လေ ဒါတွေအားလုံးက ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကပေါ့နော် အတိုင်းအတာအမျိုးမျိုးပေါ့နော် တစ်ဖက်နဲ့တစ်ဖက်က ရေချိန်မတူပေမယ့်လို့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။" ဟု ဝန်ကြီးဦးမိုးဇော်ဦးက ပြောသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တွင် အရက္ခတပ်တော် (AA)၊ တအာင်းတပ်မတော်(TNLA)နှင့် ကိုးကန့်တပ်မတော်(MNDAA)တို့ပါဝင်ပြီး MNDAA နှင့် TNLA တပ်ဖွဲ့များသည် ၎င်းတို့၏ ဒေသများကို ထိန်းချုပ်ထားကာ တရုတ်နိုင်ငံ၏ ကြားဝင့်စေ့စပ်မှုဖြင့် အပစ်ရပ်ထားသော်လည်း AA တပ်ဖွဲ့မှာမူ စစ်ကောင်စီနှင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသည်။

"ကျွန်တော်တို့က ပူပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေပေါ့နော် ဒီညှိနှိုင်းဆောင်ရွက်တဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ရဲ့လက်ရှိမဟာမိတ် အင်အားစုတွေရော အရေးကြီးတဲ့ အင်အားစုအသီးသီးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေရှိနေပါတယ်။ အဲ့လိုမျိုးဆွေးနွေးညှိနှိုင်းမှုတွေဆောင်ရွက်မှုတွေ အခါမှာလည်း ကျွန်တော်တို့ ဇန်နဝါရီလ (၃၁)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဘုံသဘောထားရပ်တည်ချက် နိုင်ငံရေးနဲ့ပတ်သက်တဲ့ သဘောထားရပ်တည်ချက်တွေကို အခြေခံပြီးတော့ ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်နေတာတွေ ရှိပါတယ်။" ဟု၎င်းကဆက်ပြောသည်။

NUGက လုပ်ဆောင်နေသည့် ဖက်ဒရယ်အရေးနှင့်ပတ်သက်၍ ညီနောင်(၃)ဖွဲ့နှင့် ပြောဆိုဆွေးနွေးခြင်း ရှိ၊ မရှိ Tachileik News Agency ၏ မေးမြန်းမှုကိုမူ ‌ဝန်ကြီး ဦးမိုးဇော်ဦးက ထည့်သွင်းဖြေကြားသွားခြင်း မရှိပေ။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများသည် နယ်စပ်ကုန်သွယ်ရေးမြို့ (၅)မြို့အပါအဝင် မြန်မာတစ်နိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး အဓိကကျသော စစ်ရေးပစ်မှတ်များဖြစ်သည့် နေပြည်တော်၊ ပြင်ဦးလွင်၊ ကပစ လက်နက်ထုတ်စက်ရုံများကိုလည်း တိုက်ခိုက်နိုင်နေပြီဟု NUGက (၃)နှစ်ပြည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency