ဒလမြို့မရဲစခန်းမှ အချုပ်သား ၆ ဦး အချုပ်ခန်းဖောက်ကာ လွတ်မြောက်နေ

ဒလမြို့မရဲစခန်းမှ အချုပ်သား ၆ ဦး အချုပ်ခန်းဖောက်ကာ လွတ်မြောက်နေ
စက်တင်ဘာ 26, 2023 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်တိုင်း၊ ဒလမြို့နယ် မြို့မရဲစခန်းအတွင်း ချုပ်ထားသည့် အချုပ်သား(၆)ဦး ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းက အချုပ်ခန်းခေါင်မိုးကိုဖောက်ကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ 

ယနေ့ နံနက်(၅)နာရီဝန်းကျင်တွင် ဆေးမှု၊ လုယက်မှုများဖြင့် ဖမ်းဆီးခံထားရသူ (၆)ဦးသည် ဒလမြို့မရဲစခန်းအတွင်းရှိ အချုပ်ခန်းခေါင်မိုးကိုဖောက်ကာ လွတ်မြောက်သွားသဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက လိုက်လံရှာဖွေနေသည်ဟု ဆိုသည်။

“ခေါင်မိုးဖောက်ပြေးသွားတာ။ ဆေးသမားတွေ ဆေးမှုနဲ့ဖမ်းထားတာ။ မနက်ကတော့ ရှာနေတယ်။ စစဆေးတာတွေလုပ်တယ်။ အခုတော့ မစစ်တော့ဘူး။ မြို့ပြင်ရောက်သွားမှာစိုးလို့ထင်တယ်။ မနက်ကအထိ ပိတ်စစ်နေသေးတယ်။”ဟု ဒလမြို့နယ်မှ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါ လွတ်မြောက်သွားသူများကို ဖမ်းဆီးရရှိရေး စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက ဒလမြို့အထွက် နေရာများကို ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency