လောင်းရှည်တွင် စခန်းချနေသည့် အာဏာသိမ်းစစ်ကောင်စီတပ် ချင်းပြည်နယ် ကျင်ဒွေးဘက်သို့ ဆက်လက် ထွက်ခွာ

လောင်းရှည်တွင် စခန်းချနေသည့် အာဏာသိမ်းစစ်ကောင်စီတပ် ချင်းပြည်နယ် ကျင်ဒွေးဘက်သို့ ဆက်လက် ထွက်ခွာ
ဖေဖော်ဝါရီ 18, 2022 | အခြားဒေသများ

မကွေးတိုင်း၊ ‌လောင်းရှည်မြို့တွင် စခန်းချနေသည့် အင်အား (၃၀၀)ဝန်းကျင်ပါ အာဏာသိမ်းစစ်ကောင်စီတပ်သည် ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် ချင်းပြည်နယ် ကျင်ဒွေးဘက်သို့ ထွက်ခွာသွားပြီး လောင်းရှည်မြို့နှင့်အနီးတဝိုက်တွင် ၎င်းတို့ပစ်ခတ်ခဲ့သည့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များရှိနေ၍ အများပြည်သူ သတိထားနေထိုင်ကြရန်  လောင်းရှည် PDF က အသိပေးထားသည်။

လူအသွားအလာများသည့် စိုက်ခင်းအနီးတွင် မပေါက်ကွဲသေးသည့် ဗုံးသီးများတွေ့၍ လောင်းရှည်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းပေးထားပြီး မပေါက်ကွဲသေးသည့် ဗုံးသီးများတွေ့ပါက အကြောင်းကြားပေးကြရန်ကိုလည်း အများပြည်သူကို အသိပေးထားသည်။

ဆောမြို့မှ လောင်းရှည်မြို့ဘက်သို့ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ထွက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ မော်တော်ယာဉ်(၁၆) စီးပါ ယာဉ်တန်းအဖွဲ့သည် လမ်းတလျှောက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထောင်ထားသည့် မိုင်းများကို မိုင်းရှာစက်၊ မိုင်းရှင်းအဖွဲ့၊ မိုင်းရှာခွေးများဖြင့် မိုင်းရှင်းလင်းချီတက်လာခဲ့ကြသဖြင့် ပေါက်ကွဲမှု မဖြစ်ခဲ့သော်လည်း လောင်းရှည်မြို့အနီးအရောက်တွင်  ဗိုလ်တစ်ဦးက ကိုယ်တိုင်မိုင်းဝင်ရှင်းရာမှ နေရာတွင် ခေါင်းပြတ်သေသွားသည်ဟု သိရသည်။

 

ယင်းဖြစ်စဉ်ကြောင့် လောင်းရှည်မြို့အဝင် တောင်ကုန်းတလျှောက်လုံးကို အာဏာသိမ်း စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး မြို့အဝင်ယွန်းကျောင်းနှင့် စက်တော်ရာကုန်းအနီး တဝိုက်တွင် တပ်စွဲခဲ့ကြကြောင်း သိရသည်။

ပေါက်ကွဲမှုအတွင်း သေဆုံးသွားသည့် ဗိုလ်တစ်ဦးကို ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့တွင် မြို့မသုဿန်၌ သဂြိုလ်ထားခဲ့ကြပြီး စစ်ကြောင်းတလျှောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသည့်တပ်ဖွဲ့ဝင် (၁၁)ဦးခန့်ကိုလည်း သယ်သွားကြကြောင်း သိရသည်။