စစ်မှုမထမ်းလိုခြင်းကြောင့် ထိုင်းနိုင်ငံသို့ အလုပ်ရှာရန် ထွက်လာသူများနှင့် ရွေ့ပြောင်းလာသူ မြန်မာ (၂၅၀)ကျော် ကန်ချနဘူရီတွင် ဖမ်းဆီးခံရ

စစ်မှုမထမ်းလိုခြင်းကြောင့် ထိုင်းနိုင်ငံသို့ အလုပ်ရှာရန် ထွက်လာသူများနှင့် ရွေ့ပြောင်းလာသူ မြန်မာ (၂၅၀)ကျော် ကန်ချနဘူရီတွင် ဖမ်းဆီးခံရ

 မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့နှင့်နယ်နိမိတ်ချင်းထိစပ်သည့် ထိုင်းနိုင်ငံနိုင်ငံ ကန်ချနဘူရီပြည်နယ် ကန်ချနဘူရီခရိုင်အတွင်း  မြန်မာရွေ့ပြောင်းလုပ်သား (၂၅၄)ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင်ရန် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ကာ နောင်ဘွာကျေးရွာသို့ ရောက်ရှိနေသည့် မြန်မာရွေ့ပြောင်းလုပ်သားများကို ၂၀၂၄ခုနှစ် ဧပြီလ(၄)ရက်နေ့ နှင့် ဧပြီလ(၅)ရက်နေ့တို့တွင် ကန်ချနဘူရီခရိုင်အာဏာပိုင်များက စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နောင်ဘွာကျေးရွာရှိ နေအိမ်တစ်လုံးအတွင်းမှ မြန်မာရွေ့ပြောင်းလုပ်သားများဖြစ်သည့် အမျိုးသား(၉၄)ဦးနှင့် အမျိုးသမီး (၂၉)ဦး စုစုပေါင်း (၁၂၃)ဦးကို ခေါ်ဆောင်လာသည့် ပွဲစားမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။

မြန်မာရွေ့ပြောင်းလုပ်သားများမှာ ကရင်ပြည်နယ် ဘူရားသုံးဆူဒေသမှ ဝင်ရောက်လာကြခြင်းဖြစ်ပြီး တစ်ဦးကို ပွဲစားခ ဘတ်ငွေ(၁၅,၀၀၀)မှ ဘတ်(၃,၀၀၀၀)အထိ ပေးခဲ့ရပြီး လာကြိုမည့် ကားစောင့်နေချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။ 

လက်ရှိတွင် ၎င်းတို့ကို ကန်ချဘူရီခရိုင် လဝက၏ အချုပ်တွင် ထိန်းသိမ်းထားပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်သွားမည်ဟု ဆိုသည်။ 

  ဧပြီလ(၅)ရက်နေ့တွင်လည်း ကန်ချနဘူရီခရိုင်အတွင်း ပစ်ကပ်ကား (၂)စီးအတွင်းမှ  မြန်မာလုပ်သား (၁၃၁)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကာ အမျိုးသား(၁၀၃)ဦး၊ အမျိုးသမီး(၁၈)ဦးပါဝင်သည်ဟု သိရသည်။ 

ဖမ်းဆီးခံရသူများမှာ စစ်မှုမထမ်းလိုခြင်းကြောင့် ထိုင်းနိုင်ငံအတွင်းသို့ အလုပ်ရှာရန် ဘုရားဆုံးဘက်မှတဆင့် ပွဲစားခတစ်ဦးလျှင် ဘတ်ငွေ(၁၆,၀၀၀)မှ (၃၀,၀၀၀)အထိပေးကာ လာရောက်ကြခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့ကို ထောင်ဖာဖှုန်ရဲစခန်း၌ ထိန်းသိမ်းထားပြီး မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်သွားမည်ဟု သိရသည်။