မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သည့် တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်ပေါ်တွင် လွှင့်တင်သူများအား အရေးယူမည်ဟု စစ်ကောင်စီက အသိပေး

မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သည့် တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်ပေါ်တွင် လွှင့်တင်သူများအား အရေးယူမည်ဟု စစ်ကောင်စီက အသိပေး

စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက တေးသီချင်းဗီဒီယိုများကို ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့သို့ တင်ပြပြီးမှသာ ခွင့်ပြုချက်ရယူရန် အသိပေးကြေညာထားပြီးနောက်   မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သည့် တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်ပေါ်တွင် လွှင့်တင်သူများအား ဥပဒေနှင့်အညီ အရေးယူမည်ဟု ဧပြီလ(၆)ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများကနေ ထပ်မံကြေညာလာသည်။

စစ်ကောင်စီက အင်တာနက်(လူမှုကွန်ရက်)များပေါ်တွင် လွှင့်တင် ပြသထားသည့် ရုပ်ရှင် ဗီဒီယို နှင့် တေးသီချင်းများ စသည့် ရုပ်သံဇာတ်လမ်း နှင့် ဖျော်ဖြေရေးကားများကို  ၂၀၂၄ခုနှစ် မတ်လ(၁၃)ရက်နေ့ကစပြီး အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကာ ကြီးကြပ်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ယခုလို သတ်မှတ်လိုက်ပြီးနောက် ပထမဆုံးအရေးယူမှုအနေဖြင့် "ဘီယာဗိုက်" တေးသီချင်းဗီဒီယိုတွင် သီဆို သရုပ်ဆောင်သူများကို ထောင်ဒဏ် (၇)နှစ်ကနေ (၁၅)နှစ်အထိ ချမှတ်နိုင်သည့် ဥပဒေ ပုဒ်မများဖြင့် အရေးယူလိုက်သည်။

ဧပြီလ(၅)ရက်နေ့ကလည်း တေးသီချင်း ဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသမှုများနှင့် ပတ်သက်ပြီး  နိုင်ငံရေး၊ ဘာသာရေး နှင့် တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများနှင့် ကာမရာဂလှုံ့ဆော်မှုများ စသည့် အချက် (၆)ချက်ကို ငြိစွန်းပါက သရုပ်ဆောင်များနှင့် ဒါရိုက်တာအပါအဝင် သက်ဆိုင်သူများကို အရေးယူမည်ဟု စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် အနုပညာလုပ်ငန်းများနှင့် ပတ်သက်၍ တင်းကြပ်မှုများကို တစတစ လုပ်ဆောင်လာလျှက်ရှိသည်။