ပြင်ဦးလွင်နှင့် နောင်ချိုတွင် မန္တလေးPDF တိုက်ပွဲများအတွင်း  အထိနာသည့် အာဏသိမ်းတပ်က လေကြောင်းမှပါ တိုက်ခိုက်

ပြင်ဦးလွင်နှင့် နောင်ချိုတွင် မန္တလေးPDF တိုက်ပွဲများအတွင်း  အထိနာသည့် အာဏသိမ်းတပ်က လေကြောင်းမှပါ တိုက်ခိုက်
By Tachileik News Agency

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့ နယ်တို့၌ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ကစတင်ကာ ဩဂုတ်လ ၃၀ ရက်နေ့အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က လူပေါင်း (၄၀)ဝန်းကျင် သေဆုံးသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ဩဂုတ်လ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် အာဏာသိမ်းစစ်ကောင်စီဘက်မှ တပ်မ(၁၀၁)လက် အောက်ခံ ခလရ(၂၅၃)၊ စကခ(၁)လက်အောက်ခံ ခမရ(၅၀၂)  နှင့် ခမရ(၅၀၅) တပ်ရင်းများကြား ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းကစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်က ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က (၂၀)ဝန်းကျင်သေမည်ဟု ခန့်မှန်းရပြီးနောက် ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ရဲဘော်(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် သြဂုတ်လ ၂၉ ရက်၊ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ တပ်ဖွဲ့ဝင်များက မိုင်းကွင်းဖော်၍ နေရာယူထားသောနေရာကို စစ်ကောင်စီစစ်‌ကြောင်း ဝင်ရောက်လာသောကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၁၉) ဦးထက်မနည်းသေပြီး အပြင်းအထန် ဒဏ် ရာရသူများပြားသည်ဟု သိရသည်။ 

သြဂုတ်လ ၃၀ ရက်၊ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီစစ်ကြောင်းအား ထပ်မံမိုင်းဆွဲခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၃)ဦးထက်မနည်းသေသည်ဟု သိရပြီး ယနေ့ဩဂုတ်လ ၃၁ ရက်အထိ စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ကာထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။