မင်းတပ်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်နှင့် လူထိခိုက် သေဆုံးမှုများ ဖြစ်ပွား

Photo: Chin Defence Force - Mindat
Photo: Chin Defence Force - Mindat
မင်းတပ်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်နှင့် လူထိခိုက် သေဆုံးမှုများ ဖြစ်ပွား

ချင်းပြည်နယ်အတွင်း မင်းတပ်မြို့နယ်၊ ပန်းပါကျေးရွာများကို အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ရကြောင်း သိရသည်။

သင်္ကြန်အတက်နေ့ ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့က ပန်းပါကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ( ၆ )ကြိမ်၊ ဗုံး (၁၇)လုံးကြဲချခဲ့ရာ အသက် ( ၄ )နှစ်အောက်ကလေးငယ်တစ်ဦးနှင့် အသက် (၇၀)အရွယ် အမျိူးသမီးတစ်ဦးသေဆုံးကာ အမျိုးသား ( ၂ )ဦးနှင့် အမျိုးသမီး (  ၅ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင့် လူနေအိမ် ( ၂ )လုံးမီးလောင်ပြီး ( ၉ )လုံးပျက်စီးသွားခဲ့သည်ဟု CDF-Mindat က သတင်းထုတ်ပြန်ထားသည်။

တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူများထဲမှ အဆိုပါ အမျိုးသမီးသည် ပြင်းထန်ဒဏ်ရာကြောင့် ( ၁၆ )ရက်နေ့ ညတွင်ပင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်လာနေသည့်အတွက် ပြည်သူများအနေဖြင့် ပုန်းခိုကျင်းများတူးထားကြရန် ဧပြီလ (၁၄)ရက်နေ့က CDF-Mindat က ထုတ်ပြန်ခဲ့သေးသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့်မတ်လ (၃၀)ရက်နေ့ က ထန်တလန်မြို့နယ်၊ ခွါဖိုးကျေးရွာနှင့် ဧပြီလ ( ၁၀ )ရက်နေ့က ဖလမ်းမြို့နယ်၊ ဝေဘူလကျေးရွာတို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါ အဝင် ဒေသခံ (၁၈) ဦး သေဆုံးခဲ့ရသေးသည်။