မံစီမြို့နယ်ရှိ ဟန်ထက်စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်

မံစီမြို့နယ်ရှိ ဟန်ထက်စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ ဟန်ထက်စစ်ကောင်စီတပ်စခန်းကို ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ (၅)ရက်နေ့ နံနက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KIAနှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ကောင်စီတပ် ခမရ(၆၀၂)တပ်ရင်းမှ အင်အား(၈၀)ဝန်းကျင် အထိုင်ချထားသည့် ဟန်ထက်တပ်စခန်းကို ယနေ့ နံနက်(၉)နာရီခွဲတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထွက်ပြေးလွတ်မြောက်သူရှိကြောင်း သိရသည်။

“စခန်းသိမ်းလိုက်နိုင်ပြီ။ လက်နက်ခဲယမ်းတွေလည်းရတယ်။ စစ်ကောင်စီတပ်သားတွေတော့ ထွက်ပြေးသွားတာရှိတယ်။”ဟု KIA နှင့်နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဟန်ထက်ရွာသည် ဗန်းမော်ခရိုင် မံစီမြို့နယ် ဗန်းမော် –မန္တလေးသွားလမ်းမပေါ် လမ်းလေးဆုံတွင်ရှိပြီး ဟန်ထက်စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်များက ဧပြီလ (၃)ရက်နေ့ ညနေပိုင်းမှစတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ကလည်း ဟန်ထက်တပ်စခန်းမကျစေရန်အတွက် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများကို ပေးခဲ့သည်ဟု သိရကာ အသေးစိတ်အချက်အလက်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဟန်ထက်ရွာသည် ဗန်းမော်၊ မန္တလေး၊ မဘိမ်း၊ မိုင်းခေါင်၊ မံသာစသည့် ဒေသများကို သွားလာနိုင်သည့် လမ်းဆုံနေရာဖြစ်ပြီး မံစီမြို့နှင့် (၄)မိုင်အကွာတွင်ရှိသည်။

ခမရ(၆၀၂)တပ်ရင်းသည် ရွှေကူမြို့နယ်အခြေစိုက်တပ်ရင်းဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလအတွင်း KIAက တိုက်ခိုက်သိမ်းခဲ့ရာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်။

KIA သည် အောက်တိုဘာလ (၁၈)ရက်နေ့တွင် စစ်ကောင်စီတပ် ခမရ(၆၀၂)နှင့် ခလရ(၅၆) တပ်ရင်းနှစ်ခုတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြားသေကာ ထွက်ပြေးသူလည်းများခဲ့ကြောင်း သိရသည်။

#TachileikNewsAgency