တာချီလိတ်မြို့နယ်အတွင်း ကျိုင်းလပ်နှင့်တာလေအကြား ချောင်းရွှေလုပ်ငန်းခွင်နေရာကို RCSS က ဘက်ဟိုးနှင့် ကား၊ ဆိုင်ကယ် (၁၀)စီးကျော်ကို မီးရှို့ဖျက်ဆီး

တာချီလိတ်မြို့နယ်အတွင်း ကျိုင်းလပ်နှင့်တာလေအကြား ချောင်းရွှေလုပ်ငန်းခွင်နေရာကို RCSS က ဘက်ဟိုးနှင့် ကား၊ ဆိုင်ကယ် (၁၀)စီးကျော်ကို မီးရှို့ဖျက်ဆီး
ဧပြီ 4, 2024 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း  တာလေနှင့်ကျိုင်းလပ်အကြား ချောင်းရွှေလုပ်ငန်း လုပ်ကိုင်နေသည့် အဖွဲ့ကို RCSS က သေနတ်များဖြင့် ပစ်ခတ် ခြောက်လန်ပြီး လုပ်ငန်းသုံးကား အပါအဝင် ကားနှင့်ဆိုင်ကယ် (၁၀)စီးကျော်ကို မီးရှို့ဖျက်ဆီးသွားသည့်အတွက် နမ့်မွေချောင်းတလျှောက်ရှိ ချောင်းရွှေလုပ်ကိုင်သူများမှ ပစ္စည်းများသိမ်း၍ ထွက်ပြေးကြရကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း ကျိုင်းလပ်မြို့ နမ့်ခင်းကျေးရွာအုပ်စုရှိ ချောင်းရွှေလုပ်ငန်းတစ်ခုတွင် ၂၀၂၄ခုနှစ် မတ်လ(၂၈)ရက်နေ့ အကူးပိုင်းအချိန်တွင်  RCSS က ကားများကို မီးရှို့ကာ လူများကို ရိုက်နှက်သွားသည်ဟု သိရသည်။

"နမ့်မွေချောင်းအပေါ်ဘက် ချောင်းရွှေလုပ်ငန်းမှာ ဆက်ကြေးကောက်တာ မပေးလို့ဆိုပြီး RCSS က ဘတ်ဖိုးကားတွေ အပါအဝင် အိမ်စီးကားတွေ ဆိုင်ကယ်တွေကို မီးရှို့သွားသလို ထွက်ပြေးလို့ မလွတ်တဲ့လူတွေတော့ ကြိုးတုတ်ပြီး အရိုက်ခံရတယ်"ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ဧပြီလ(၄)ရက်နေ့တွင် ပြောသည်။

 

တာချီလိတ်မြို့နယ်အတွင်း ကျိုင်းလပ်နှင့် တာလေအကြား ရွှေနှင့်သတ္တူလုပ်ငန်းများနှင့် ပတ်သက်ပြီး တရားဝင်လုပ်ကိုင်သည် ဖြစ်စေ ခိုးလုပ်သည် ဖြစ်စေ လုပ်ငန်းရှင်များအနေဖြင့် RCSS အား တစ်နှစ်စာ ထိုင်းဘတ်ငွေ (၂)သိန်းခွဲ ပေးဆောင်ရသလို တခါတရံ အလှူလာခံရင်လည်း ထည့်ဝင်ရကြောင်း လုပ်ငန်းရှင် အချို့ထံက သိရသည်။

"အဲ့မှာ လုပ်နေတဲ့ လူတွေကတော့ ခိုးလုပ်တာဖြစ်ဖြစ် အစိုးရဆီကနေ တရားဝင်လုပ်တာပဲဖြစ်ဖြစ် RCSS ကို နှစ်စဉ်ကြေး အခွန်ငွေဆိုပြီး ပေးရတာ ဟိုးအရင်ကတည်းကပါပဲ။ အဲ့လိုပေးလို့ သူတို့နားက ဘာမှ ပြန်ရတာတော့ မရှိဘူးပေါ့။ အလွယ်ပြောရရင် သူတို့ ရန်မမူအောင် ပေးရတဲ့ သဘောဖြစ်နေတာပဲ။ မြန်မာစစ်တပ်ကိုလည်းပေးရ  သက်ဆိုင်ရာဌာနတွေကိုလည်းပေးရ လက်နက်ကိုင်တွေကိုလည်း ပေးရနဲ့ ပေးရတာတော့ များကြတယ်"ဟု ၎င်းက ဆိုသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)သည် ၂၀၂၁ခုနှစ်အလွန် နိုင်ငံ့အာဏာသိမ်းကာလတွင်  အာဏာသိမ်းစစ်ကောင်စီကို  တော်လှန်ရာတွင် မပါဝင်သည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။