စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲသွားကြရန် KIO နှင့် PSLF တို့သဘောတူ

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲသွားကြရန် KIO နှင့် PSLF တို့သဘောတူ

 စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲဆောင်ရွက်သွားကြရန် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် ပလောင် ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF)တို့ သဘောတူညီမှုရရှိထားကြောင်း KIO က ၂၀၂၃ခုနှစ်၊ မေလ( ၂၈ )ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် ပလောင် ပြည်လွတ် မြောက်ရေးတပ်ဦး(PSLF)တို့သည် ၂၀၂၃ခုနှစ်၊ မေလ( ၁၆ ) ရက်နှင့် ( ၁၇ )ရက်တို့တွင် ကချင်ပြည်နယ်၊ မိုင်ဂျာယာန်မြို့၌ တွေ့ဆုံဆွေးနွေးကာ ယင်းသို့ သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သဘောတူညီချက်များထဲတွင် KIO နှင့် ယခင် PSLO တို့ နှစ်ဦး နှစ်ဖက်သဘောတူညီခဲ့ကြသည့် ထာဝရမဟာမိတ်စာချုပ်အား KIO နှင့် PSLF တို့က ဆက်လက်အသိအမှတ်ပြု ထိန်းသိမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲဆောင်ရွက်သွားကြရန်၊ အမျိုးသားတန်းတူရေးအပေါ်အခြေခံပြီး အပြန်အလှန်လေးစားလျက် ရှေ့ယခင်အတိုင်း ချစ်ကြည်ရင်းနှီးစွာယှဉ်တွဲနေ ထိုင်သွားရန်၊ အငြင်းပွားဖွယ်ရာ သမိုင်းကြောင်းများနှင့် အမုန်းစကားများကို ရှောင်ကြဉ်ကာ ချစ်ကြည်ရင်းနှီးမှုကို အလေးထား ဆောင်ရွက်သွားရန်၊ မမျှော်လင့်သည့် အခက်အခဲများ ပေါ်ပေါက်လာပါက မှန်ကန်သောဆုံးဖြတ်ချက်ရရှိရေးအတွက် နှစ်ဖက်တိုင် ပင် ညှိနှိုင်း အဖြေရှာသွားရန်နှင့် ပဋိပက္ခမပေါ်ပေါက်စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန်အချက်များပါရှိသည်။

ဒါ့အပြင် ဒေသခံများဖြစ်သည့် ကချင်၊ တအာင်း၊ ရှမ်းလူမျိုးများ အပါအဝင် ဒေသတွင်းရှိပြည်သူလူထုတို့၏ ဘေးကင်းလုံခြုံရေးကို တာဝန်ခံရန်နှင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေသော လုပ်ရပ်များကို ရှောင်ရှားရန်လည်းပါရှိသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအပြင် လိုအပ်သည့်ကိစ္စရပ်များကို နှစ်ဖက်အဖွဲ့အစည်းက လိုအပ်သလို ဆက်လက်ညှိနှိုင်း၍ ဆောင်ရွက်သွားကြမည်ဟု ထုတ်ပြန်ထားသည်။