ကနီမြို့နယ် စစ်ရှောင်ပြည်သူများ နှင့် ဒေသခံများနေထိုင်ရာ ကျေးရွာများကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

ကနီမြို့နယ် စစ်ရှောင်ပြည်သူများ နှင့် ဒေသခံများနေထိုင်ရာ ကျေးရွာများကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

စစ်ကိုင်းတိုင်း ကနီမြို့နယ် နတ်ကြီးရွာအနီး စစ်ရှောင်ပြည်သူများနှင့် ဒေသခံများနေထိုင်ရာ ကျေးရွာများသို့ ဦးတည်ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ပေါင်(၅၀၀)ဗုံးများ ကြဲချသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၂၉)ရက်နေ့ နံနက်ပိုင်း (၁)နာရီကျော်တွင် စစ်ကောင်စီတပ်သည် YAK-130 တိုက်လေယာဉ် နှစ်စီးဖြင့် (၃)ကြိမ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာရောက်ဗုံးကြဲခြင်းဖြစ်ကြောင်း သိရသည်။

"နတ်ကြီးရွာ မြစ်ကမ်းဘေး စစ်ရှောင်ပြည်သူများနဲ့ ဒေသခံပြည်သူများနေထိုင်ရာ နေအိမ်ကိုဦးတည်ပြီး ပစ်ခတ်သွားတာ။ လူမထိဘူး။ တိုက်ပွဲလည်းမရှိဘူး။ ဂျက်နှစ်စီးနဲ့ သုံးကြိမ် ပေါင်(၅၀၀)ဗုံးနဲ့ (၅)နေရာ ကြဲသွားတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုများ မရှိသော်လည်း ဒေသခံများ တိမ်းရှောင်နေကြရကြောင်း သိရသည်။

#TachileikNewsAgency

Photo: Pyae Aung Naing