မိုခါ မုန်တိုင်းအလွန် (၁)လ နီးပါးကြာသည်အထိ ရက္ခိုင့်တပ်တော်က ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့် ပြည်သူများကို ဆက်လက် ကူညီဆောင်ရွက်ပေးနေ

Photo:Cyclone Mocha ERRCA
Photo:Cyclone Mocha ERRCA
မိုခါ မုန်တိုင်းအလွန် (၁)လ နီးပါးကြာသည်အထိ ရက္ခိုင့်တပ်တော်က ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့် ပြည်သူများကို ဆက်လက် ကူညီဆောင်ရွက်ပေးနေ

 မိုခါ မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်များရှိ ကျေးရွာများတွင် မုန်တိုင်အလွန်  (၁)လနီးပါးကြာလာသည့် ယနေ့ ဇွန်လ(၁၀)ရက်နေ့အထိ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် /ရက္ခိုင့်တပ်တော် (ULA/AA)၏ တပ်ဖွဲ့ဝင်များက နေအိမ်များကို ကူညီပြုပြင်ဆောက်လုပ်ပေးခြင်းများနှင့် လူမှုရေးလုပ်ငန်းများကို  ကူညီဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။ 



ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စသည့် မြို့နယ်များရှိ ဘာသာရေးအဆောက်အုံများ နှင့် လူနေအိမ်များကို ပြုပြင်တည်ဆောက်ပေးခြင်းများအပြင် မုန်တိုင်းဒဏ်သင့် ပြည်သူများ လိုအပ်နေသည့် ဆန်၊ အမိုးအကာနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများပါ လုပ်ဆောင် ပေးနေလျက်ရှိကြောင်း ဆိုင်ကလုန်း Mocha မုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။



၂၀၂၃ခုနှစ် မေလ(၁၄)ရက်နေ့က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း မွတ်ဆလင်များ အပါအဝင် ဒေသခံပြည်သူ သေဆုံးသူ(၁၄၆)ဦးရှိပြီး ဒဏ်ရာရရှိသူ(၁၀)ဦးနှင့် ပျောက်ဆုံးသူ(၃)ဦးရှိသည့်အပြင် လူ(၁)သန်းကျော်မှာ ထိခိုက်နစ် နာဆုံးရှုံးခဲ့၍ လူနေအိမ်(၂၁၆၀၀၀)ကျော် ပျက်စီးမှုရှိကြောင်း မေလ နောက်ဆုံးအပတ်က ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွက် ပြည်တွင်း၊ ပြည်ပ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်ထားသည်ဟု သိရသည်။



ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် /ရက္ခိုင့်တပ်တော် (ULA/AA)၏က ဦးဆောင်သည့် ဆိုင်ကလုန်း Mocha မုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးကော်မတီထံသို့  NUG၊ UWSA၊ FPNCC၊ KIA၊ MNDAA၊ TNLA၊ MNSP၊ NDAA နှင့် SSPP အဖွဲ့များက  မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေများ ပါဝင်လှူဒါန်းပေးကြကြောင်းလည်း သိရသည်။