ကျောက်ဖြူလေဆိပ်တွင် ဖမ်းခံနေရသည့် လူငယ် ခရီးသည်များအနက် အချို့ကို AA နှင့် မဆက်သွယ်ရန် ခံဝန်ဂတိတိုးခိုင်းပြီး ရန်ကုန် ပြန်လွတ်

ကျောက်ဖြူလေဆိပ်တွင် ဖမ်းခံနေရသည့် လူငယ် ခရီးသည်များအနက် အချို့ကို AA နှင့် မဆက်သွယ်ရန် ခံဝန်ဂတိတိုးခိုင်းပြီး ရန်ကုန် ပြန်လွတ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ရန်ကုန်မှ ပြန်လာသည့် လူငယ် (၆၀)ကျော်အနက် အချို့ကို ရက္ခိုင့်တပ်တော်(AA)နှင့် အဆက်အသွယ်မလုပ်ရဟု ခံဝန်ထိုးကာ ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းတို့ နှင့် နီးစပ်သူများထံမှ သိရသည်။

ရန်ကုန် - ကျောက်ဖြူ လေယာဉ်နှင့်လိုက်ပါလာသည့် ခရီးသည် (၆၆)ဦးကို စစ်ကောင်စီတပ်က ကျောက်ဖြူလေဆိပ်တွင် ဖေဖော်ဝါရီ(၁၈)ရက်နေ့က ဖမ်းဆီးထားပြီး ရမ္မာဝတီခန်းမ၌ စစ်ဆေးနေခြင်း ဖြစ်သည်။

"(၅)ယောက် ရန်ကုန်ကို ပြန်ပို့လိုက်တယ်။ AA နဲ့ အဆက်အသွယ် မလုပ်ရဘူးလို့ လက်မှတ်ထိုးရတယ်။ နောက်ထပ် ကျန်သေးတယ်။ မြို့တော်ခန့်မမှာ သူတို့ကို ဖမ်းထားတာကြာပြီ။"ဟု ဒေသခံတစ်ဦး က Tachileik News Agency ကို မတ်လ(၂)ရက်နေ့တွင် ပြောသည်။

အဆိုပါ (၅)ဦးကို ယနေ့  ၂၀၂၄ ခုနှစ် မတ်လ(၂)ရက်နေ့ နံနက်ပိုင်းတွင် လေယာဉ်နှင့် ရန်ကုန်သို့ ပြန်ပို့လိုက်ခြင်းဖြစ်ပြီး ဆက်လက်၍လည်း အသုတ်လိုက်ပြန်ပို့နေသည်ဟု သိရသည်။

"AA နဲ့ မဆက်သွယ်ရဘူး။ ရန်ကုန်မှာ အလုပ်ပြန်လုပ်မယ်ဆိုရင် ပြန်လွှတ်ပေးမယ်။ အဲဒီလို ခံဝန်ကတိတွေ လက်မှတ်ထိုးမှ ပြန်လွှတ်ပေးတာ။"ဟု ဒေသခံတစ်ဦးကလည်း Tachileik News Agency ကို ပြောသည်။

ရန်ကုန် - ကျောက်ဖြူ ခရီးစဉ်၏ မြန်မာ့လေကြောင်းလိုင်းဖြင့် လိုက်ပါလာသူများမှာ အမျိုးသား(၃၆)ဦးကျော်၊ မျိုးသမီး(၃၀)ဦးကျော်တို့ လိုက်ပါလာသည့် လေယာဥ်ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဉပဒေ ထုတ်ပြန်ပြီးနောက် ရန်ကုန်ရောက် သား၊ သမီးများအား နေရပ်သို့ပြန်ခေါ်ရာ ပြန်လာသည့် ရခိုင်လူမျိုးများအား စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော်ထံ ဝင်ရောက်သွားမည်စိုးရိမ်သဖြင့် ယင်းသို့ဖမ်းဆီးနေခြင်းဖြစ်သည်ဟု သိရသည်။