ဆားလင်းကြီးတွင် စစ်ကောင်စီတပ်၏မီးဘေးသင့် ပြည်သူများကို မီးဖိုချောင်သုံးနှင့် အဝတ်အထည်များ မျှဝေ

ဆားလင်းကြီးတွင် စစ်ကောင်စီတပ်၏မီးဘေးသင့် ပြည်သူများကို မီးဖိုချောင်သုံးနှင့် အဝတ်အထည်များ မျှဝေ
By Tachileik News Agency

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်အတွင်းမှ စစ်ကောင်စီတပ် မီးရှို့သွားသည့် ကျေးရွာ (၃)ရွာမှ မီးဘေးသင့်ပြည်သူများအတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့နှင့် ဓားမဆိုင်း ဗိုလ်စွမ်း၊ Dhamma Worker Group(Singapore) တို့ပူးပေါင်းကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၃)ရက်နေ့တွင် မီးဖိုချောင်သုံးနှင့် အဝတ်အထည်များ မျှဝေပေးကြကြောင်း သိရသည်။

ကျွန်တော်တို့ မနေ့ညနေက သွားပေးခဲ့တာပါ။ တစ်အိမ်ထောင်ကို ဒန်အိုးတစ်လုံး၊ ဒယ်အိုးတစ်လုံး၊ ဇလုံနှစ်ချပ်၊ ဇွန်းသုံးချောင်း၊ ကြွေအုပ်တစ်လုံး၊ ဆန်နှစ်ပြည်၊ ဆီငါးဆယ်သားနဲ့ အဝတ်အစားနည်းနည်း ပေးလှူခဲ့ပါတယ်

ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆားလင်းကြီးမြို့နယ်အတွင်းမှ မီးရှို့ခံကျေးရွာ ၃ ရွာရှိ အိမ်ခြေ (၈၇)အိမ်မှ အိမ်ထောင်စုများအတွက် ပြည်တွင်းပြည်ပမှ အလှူရှင်များပေးပို့မှုဖြင့် ပေးဝေနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့အနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအပြင် ဒေသတွင်းမှ စစ်ကောင်စီတပ်၏ မီးဘေးသင့်ပြည်သူများအား ပြည်တွင်းပြည်ပမှ အလှူရှင်များအကူအညီဖြင့် မိတ်ဖက်အဖွဲ့များဖြင့်ပူးပေါင်းကာ မျှဝေကူညီမှုများ လုပ်နေသည်ကိုလည်း တွေ့ရသည်။