လေပြင်းတိုက်ခတ်မှုကြောင့် နမ့်ဆန်မြို့နယ်တွင် လီဆူရွာ ၃ ရွာအပါအဝင် နေအိမ် ၃၀ ထက်မနည်း ပျက်စီး

လေပြင်းတိုက်ခတ်မှုကြောင့် နမ့်ဆန်မြို့နယ်တွင် လီဆူရွာ ၃ ရွာအပါအဝင် နေအိမ် ၃၀ ထက်မနည်း ပျက်စီး
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) တအာင်းဒေသ နမ့်ဆန်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မန်တုံကျေးရွာအုပ်စုနှင့် ဇယန်းမန်မိုင်ကျေးရွာတို့မှ နေအိမ် (၃၀) ထက်မနည်း ပျက်စီးသွားသည်။

 ကျွန်တော် အသက် ၄၀ ကျော်နေပြီ။ တခါမှ ဒီလိုမကြုံဖူးဘူး။ လေအရမ်းပြင်းတယ်။ အမိုးလည်းလန်သွားတယ်။ အုတ်နံရံတွေလည်း ကွဲအက်ကုန်တယ်။ လေက အစက ပုံမှန်ပဲတိုက်တာ။ နောက်တော့ လေကပြင်းလာတော့ မရတော့ဘူး။ အိမ်အောက်ထပ် ရွှေ့နေကြတာ။ မဟုတ်ရင်လူပါထိမှာ

 ဟု ဇယန်းမန်နိုင်ရွာမှ ဦးပန်းနုက ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်သည့် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ညတွင် တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် မန်တုံကျေးရွာအုပ်စုအတွင်း လွယ်မောက်ရွာတွင် နေအိမ် (၁၃) လုံး၊ ဝူစန့်ရွာတွင် (၇ ) လုံး၊ နမ့်ပါ​ကြိုင် ရွာတွင် ( ၄) လုံး စုစုပေါင်း နေအိမ် (၂၇) လုံးနှင့် ဇယန်းမန်မိုင်းကျေးရွာတွင် နေအိမ် (၁၀) လုံးကျော် ပျက်စီးသွားကြောင်း သိရသည်။

ပျက်စီးသွားသည့် နေအိမ်များတွင်  အိမ်ခြေပေါင်း ၇၀ ကျော်ရှိသည့် လီဆူကျေးရွာ ၃ ရွာမှနေအိမ်များလည်း ပါဝင်ပြီး နေအိမ်များမှာ အများအားဖြင့် မိုးကာနှင့် မိုးထားသည့် ထရံအိမ်များဖြစ်သည်ဟု နမ့်ဆန် လီဆူစာပေနှင်ယဥ်ကျေးမှု အတွင်းရေးမှူးက ပြောသည်။

 သူတို့က မိုးကာနဲ့ပဲ မိုးပြီး ဝါးကပ်နဲ့ပဲ ကာကြတာ။ တချို့ကျတော့ မိုးကာပြဲသွားတာတွေ ပြန်သုံးလို့မရတော့တာတွေရှိတယ်။ အများစုတော့ ပျက်သွားကြတာပေါ့

 ဟု လီဆူစာပေနှင့်ယဥ်ကျေးမှု ပြန်ကြားရေးတာဝန်ခံ ဦးအာခီက ပြောသည်။

နေအိမ်ပျက်စီးသွားသည့် ဒေသခံများသည် ကျေးရွာထဲရှိ နေအိမ်မပျက်စီးသည့် အိမ်တွေများတွင် ယာယီစုပေါင်းနေထိုင်နေကြကြောင်း သိရသည်။

ခုတော့ အိမ်မပျက်တဲ့သူတွေရဲ့ အိမ်မှာသွားနေပြီးမှ အဲဒီမှာပဲ သွားချက်စားတာ။ မိုးရွာပြီး အိမ်ခေါင်မိုးပါသွားမှ ထပြေးသွားတာ

ဟု လွယ်မောက်ကျေးရွာ ဒေသခံ  အမျိုးသမီးတစ်ဦးက  ပြောသည်။

 

ဇယန်းမန်မိုင်ကျေးရွာတွင်လည်း အလားတူပင် လေပြင်းကြောင့် နေအိမ်ပျက်စီးသွားသူများက နီးစပ်ရာနေအိမ်များတွင် ခိုလှုံနေရသည်ဟု သိရသည်။

ရခိုင်ကမ်းရိုးတန်း စစ်တွေနှင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသကို ဖြတ်သန်းသွားသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့ခြင်းဖြစ်သည်။