မံစီမြို့နယ်ရှိ ခလရ ၁၂၁ တပ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေး

မံစီမြို့နယ်ရှိ ခလရ ၁၂၁ တပ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေး

ကချင်ပြည်နယ် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာရှိ ခလရ(၁၂၁)တပ်စခန်းမှ စစ်ကောင်စီတပ်သားများ ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၂၄)ရက်နေ့ နံနက်(၁)နာရီဝန်းကျင်တွင် စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း KIA နှင့် နီးစပ်သူများထံမှ သိရသည်။

ခလရ (၁၂၁)တပ်ရင်းသည် ဒုတပ်ရင်းမှူးဦးဆောင်ပြီး အင်အား(၅၀)ကျော်ဖြင့် တပ်စွဲထားကာ KIA တပ်များက တိုက်ခိုက်စဉ် တပ်စခန်းကို စွန့်ခွာထွက်ပြေးခြင်းဖြစ်ကြောင်း သိရသည်။

“မံစီမြို့နယ် မိုင်းခေါင်ကျေးရွာမှာအခြေစိုက်တဲ့ ခလရ(၁၂၁)တပ်စခန်းက စစ်ကောင်စီတပ်သားတွေ ဒီမနက်မှာဘဲ သူတို့စခန်းကိုစွန့်ခွာသွားတာပါ။ အင်အား(၅၀)လောက်ရှိတယ်။ မံစီဘက်အထွက်က ယခင်တပ်ရင်းနဲ့သွားပေါင်းတာ။”ဟု KIA နှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

KIA သည် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး မံစီမြို့နယ်အတွင်း ပထမဆုံး သိမ်းပိုက်နိုင်သည့် တပ်စခန်းဖြစ်သည်။

ခလရ(၁၂၁)တပ်သည် ကချင်၊ စစ်ကိုင်းနှင့် ရှမ်းနယ်စပ်ဒေသများဖြစ်သည့် ကသာ၊ မဘိမ်းမြို့နယ်ကြား ငအိုးရွာတွင် အချိန်ကြာ စစ်ကြောင်းထိုးကာ ရွာကိုမီးရှို့၊ ဒေသခံများအား သတ်ဖြတ်ခဲ့သည့် တပ်ဖြစ်ကာ KIA တပ်များနှင့်လည်း မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့သည်။

#TachileikNewsAgency