သိန္နီမြို့နယ် စစ်ကောင်စီ တပ်ရင်း (၅၆၇)နှင့် (၅၆၈)တို့ကို မဟာမိတ်တပ်များ သိမ်းပိုက်၊ လက်နက်ကြီး၊ သံချပ်ကာကားများရရှိကာ စစ်သုံ့ပန်း ၃၁ ဦး ဖမ်းမိ

သိန္နီမြို့နယ် စစ်ကောင်စီ တပ်ရင်း (၅၆၇)နှင့် (၅၆၈)တို့ကို မဟာမိတ်တပ်များ သိမ်းပိုက်၊ လက်နက်ကြီး၊ သံချပ်ကာကားများရရှိကာ စစ်သုံ့ပန်း ၃၁ ဦး ဖမ်းမိ
နိုဝင်ဘာ 26, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် စစ်ကောင်စီတပ်ရင်း (၅၆၇)၊ (၅၆၈)တပ်စခန်း (၂)ခုအား စစ်ဆင်ရေး (၆)ရက်ကြာ တိုက်ခိုက်ပြီးနောက် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆)ဦး သေဆုံးပြီး စစ်သုံ့ပန်း (၃၁)ဦးအား ဖမ်းဆီးရရှိခဲ့ကာ သံချပ်ကာ (၁)စီး၊ ဟောင်ဝစ်ဇာ (၂)လက်နှင့် လက်နက်ခဲယမ်း အများအပြားကို ထပ်မံသိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

မဟာမိတ်တပ်များသည် နန့်စလပ်ဒေသအတွင်းရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသတစ်ခုလုံးကိုလည်း ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု ဆိုသည်။

အဆိုပါတပ်စခန်းများကို ကိုးကန့်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် ကျင်းစန်းကြော့ နယ်စပ်ဂိတ်အား ညီနောင်မဟာမိတ် (၃)ဖွဲ့မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်ဟုလည်း သိရသည်။

စစ်ဆင်ရေး (၁)လတာကာလအတွင်း ကိုးကန့်အထူးဒေသ (၁)သည် ကိုးကန့်လူမျိုးတို့ လက်ထဲရောက်ရှိရန် လက်တစ်လှမ်း အလိုသို့ ရောက်ရှိနေပြီး ကိုးကန့်လူမျိုးတို့၏ အိမ်ပြန်တိုက်ပွဲဖြစ်လာမည့် လောက်ကိုင်မြို့သိမ်း တိုက်ပွဲသည်လည်း မကြာမီ လာတော့မည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : The Kokang