ကျိုက်ဒုံမြို့နယ်ရှိ မဲသရောထစခန်းကုန်းနှင့် ဂျိုးဖြူချက်ပွိုင့်တောင်ကုန်းတို့အား ပူးပေါင်းတပ်များသိမ်းရာ စစ်ကောင်စီတပ်သားများ ထိုင်းဘက်ထွက်ပြေး

ကျိုက်ဒုံမြို့နယ်ရှိ မဲသရောထစခန်းကုန်းနှင့် ဂျိုးဖြူချက်ပွိုင့်တောင်ကုန်းတို့အား ပူးပေါင်းတပ်များသိမ်းရာ စစ်ကောင်စီတပ်သားများ ထိုင်းဘက်ထွက်ပြေး

ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်ရှိ မဲသရောထစခန်းကုန်းနှင့် ဂျိုးဖြူချက်ပွိုင့် တောင်ကုန်းတို့အား KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သားများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF ထံမှ သိရသည်။

KNLA နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF တို့သည် ၂၀၂၄ ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် KNU တပ်မဟာ (၆) နယ်မြေ၊ ကျိုက်ဒုံမြို့နယ်ရှိ မဲသရောထစခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ် စကခ (၁၉)လက်အောက်ခံ ခမရ(၅၅၇)၊ (၅၅၈) တပ်သားများ အထိုင်ချတပ်စွဲထားသော မဲသရောထစခန်းကုန်းအား မတ်လ (၁၅)ရက်နေ့မှစ၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ ည(၁၀)နာရီခွဲတွင် တပ်ကြပ်ကြီးသက်နိုင်ဦးသည် MA4 ပူးတွဲသေနတ်တစ်လက်၊ (၄၀)မမ ဗုံးသီး (၁၀)လုံး၊ (၅.၅၆)ကျည် (၂၀၀)တောင့်နှင့် လက်နက်ချအညံ့ခံလာခဲ့သည်ဟု ဆိုသည်။

မတ်လ (၁၈)ရက်နေ့တွင် KNLA နှင့် SOF ချေမှုန်းရေးတပ်ဖွဲ့မှ အဆိုပါစခန်းကုန်းအား ထိုးစစ်ဆင်၍ တက်ရောက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် စခန်းကုန်းအား မီးရှို့ရှင်းလင်းခဲ့သည်ဟု သိရသည်။

ထို့နောက် မတ်လ (၁၉)ရက်နေ့တွင် စစ်ကောင်စီတပ်သားများ ထပ်မံအချေချတပ်စွဲထားသည့် ဂျိုးဖြူချက်ပွိုင့်တောင်ကုန်းအား ပိတ်ဆို့၍ ထပ်မံတိုက်ခိုက်ခဲ့ရာ တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းတွင် စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ 

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား သေဆုံးအလောင်း(၅)လောင်းနှင့် လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း (၆၁)လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ကျန်ရှိနေသာ စစ်ကောင်စီတပ်သား (၅၀)ဦးခန့်မှာ ထိုင်းနိုင်ငံဘက်ခြမ်း ပိုင်ခလိုင်ရွာဘက်သို့ ထိခိုက်ဒဏ်ရာများစွာဖြင့် ဆုတ်ခွာထွက် ပြေးသွားသည်ဟု သိရသည်။

KNLA နှင့် SOF မှရဲဘော်များ အထိအခိုက်မရှိပဲ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်တလျှောက်အား နယ်မြေစိုးမိုးထားကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F