သံလွင်အရှေ့ခြမ်းရှိ အာဏာသိမ်း စစ်ကောင်စီတပ်၏ ဟွေ့ဟိုင်းစခန်းကို သိမ်းပိုက် လက်နက်၊ ခဲယမ်းများစွာရပြီး နှစ်ဘက် အကျအဆုံးရှိ

သံလွင်အရှေ့ခြမ်းရှိ အာဏာသိမ်း စစ်ကောင်စီတပ်၏ ဟွေ့ဟိုင်းစခန်းကို သိမ်းပိုက် လက်နက်၊ ခဲယမ်းများစွာရပြီး နှစ်ဘက် အကျအဆုံးရှိ
မတ် 18, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ အာဏာသိမ်းစစ်ကောင်စီ တပ်၏ ဟွေ့ဟိုင်းစခန်းကို ၂၀၂၃ခုနှစ်၊ မတ်လ (၁၆)ရက်၊ ညနေပိုင်းက သိမ်းပိုက်ခဲ့ရာ အလောင်း (၃)လောင်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီတပ်မတော်( Karenni Army - KA )က ယနေ့မတ်လ(၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ (၃)ဦး၏ ရုပ်အလောင်းများတွေ့ရှိရပြီး (၆)ဦးမှာ လက်နက်မဲ့ဖြင့်ထွက်ပြေး လွတ် မြောက်သွားသည်ဟု သိရသည်။

၎င်းစခန်းမှ RPG (၁)လက် ၎င်းဗုံးသီး (၃၈)လုံး၊ ၆၀ မမ (၁)လက် ၎င်းဗုံးသီး (၅၉)လုံး၊ ငါးကျည်းမြီး (၁)လက်၎င်းကျည် (၇၀၀၀)    တောင့်၊ MA 2 စက်ကလေး (၂)လက် ၎င်းကျည်ဘောက်ဝိုင်း (၃)ခု၊ MA1 ( ၁ )လက် ၎င်းကျည် (၂၀၀၀) တောင့်၊ ၁၈ မိုင်း (၄)လုံး၊ တိုက်မိုင်း ၁၁ လုံး ၊ ကျည်ဘောက် ၁၂ ခု၊ စက်ကြီး ၁ လုံးတို့ကိုသိမ်း ဆည်းရမိခဲ့သည်ဟု သိရသည်။

ကရင်နီတပ်မတော်မှ စခန်းသိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဖက်မှ တိုက်လေယာဥ် (၂)စီးဖြင့် လာရောက်ဗုံးကျဲခဲ့ပြီး ည ( ၇ )နာရီခွဲတွင်လည်း တိုက်လေယာဉ် ( ၂ )စီးဖြင့် ထပ်မံလာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် ကရင်နီတပ်မတော်ဘက်က  ရဲဘော် ( ၃ )ဦးကျဆုံးခဲ့ပြီး (၁)ဦး ဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။



Photo: KA