ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ကြောင့် အရပ်သား ၁၁ ဦးသေဆုံးကာ ၁၈ ဦးထောင်ချခံခဲ့ရ

ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ကြောင့် အရပ်သား ၁၁ ဦးသေဆုံးကာ ၁၈ ဦးထောင်ချခံခဲ့ရ

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် ၂၀၂၃ခုနှစ် မေလမှ ဩဂုတ်လ (၁၅)ရက်နေ့အထိ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် အရပ်သား(၁၁)ဦးသေဆုံးပြီး (၁၈)ဦး ဖမ်းဆီးထောင်ချခံခဲ့ရသည်ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီထံမှ သိရသည်။

ကျောက်ကြီးမြို့တွင် စစ်ကောင်စီသည် အဆိုပါကာလအတွင်း လေကြောင်းတိုက်ခိုက်မှု (၃၃)ကြိမ်၊ လက်နက်ကြီး အလုံးပေါင်း (၄၀၀)‌ကျော်ဖြင့် (၃၇)ကြိမ်ပစ်ခတ်ခဲ့ရာ နေအိမ်(၂၀)ပျက်စီးပြီး အရပ်သား (၆)ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ အဆိုပါလေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည့် အရပ်သား(၆)ဦးတွင် ကျောင်းသူ(၂)ဦးပါဝင်ပြီး ကျောင်းသား၊ ကျောင်းသူ(၃)ဦးအပါအဝင် အရပ်သား (၁၃)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။  

ထို့အပြင် အရပ်သား(၁၈)ဦးဖမ်းဆီး ထောင်ချခံရကာ (၂)ဦးမှာဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရခြင်း၊ (၃)ဦးကို မီးရှို့သတ်ဖြတ်ခြင်း၊ နေအိမ်အလုံး(၂၀)ကိုမီးရှို့ဖျက်ဆီးခြင်း၊ ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးယူ ဆောင်သွားခြင်းတို့အပြင် ကျေးရွာပေါင်း(၄၀)ကျော်လည်း စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများအပြင် ရေကြီးရေလျှံခြင်းများကိုပါ ကြုံတွေ့နေရသဖြင့် ကျေးရွာ(၈)ရွာမှ အိမ်ခြေ(၆၄၂)အိမ်၊ လူဦးရေ(၂၀၀၀)နီးပါးနှင့် စာသင်ကျောင်း(၃)ကျောင်းမှ ကျောင်းသူ၊ ကျောင်းသား(၃၀၀)ကျော် ကျောင်းတက်ရန်ခက်ခဲပြီး ကျောင်းပိတ်ထားရသည်ဟု သိရသည်။

ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများလည်း ဖြစ်ပွားနေပြီး သွားလာရေးအခက်အခဲပြဿနာ၊ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြှင့်တက်လာခြင်းနှင့် အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်စားသောက်ရန် အလုပ်အကိုင်မရှိသဖြင့် စားဝတ်နေရေးအခတ်အခဲများလည်း ကြုံတွေ့နေရသည်ဟု သိရသည်။

#TachileikNewsAgency