ချင်းပြည်နယ်အတွင်းနှင့် အိန္ဒိယနယ်စပ်တလျောက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို တားဆီးနှိမ်နင်းမည်ဟု ချင်းပြည်ကောင်စီထုတ်ပြန်

ချင်းပြည်နယ်အတွင်းနှင့် အိန္ဒိယနယ်စပ်တလျောက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို တားဆီးနှိမ်နင်းမည်ဟု ချင်းပြည်ကောင်စီထုတ်ပြန်

ချင်းပြည်နယ်အတွင်းနှင့် အိန္ဒိယနယ်စပ်တလျောက် တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ တားဆီးနှိမ်နင်းရေးကို အလေးထားဆောင်ရွက်သွားမည်ဟု ချင်းပြည်ကောင်စီက ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၁၈)ရက်နေ့တွင် ထုတ်ပြန်သည်။

တတိယအကြိမ် ချင်းပြည်ကောင်စီ၏ ဦးဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး စုံစမ်းဖော်ထုတ်ကာ တရားဥပဒေအရ အရေးယူသွားမည်ဟု ဆိုသည်။

မူးယစ်ဆေးဝါးရောင်းဝယ်သူများသည် အာဏာမသိမ်းမီကာလကတည်းက ပုံစံအမျိုးမျိုးဖြင့် ရောင်းဝယ်ဖောက်ကားနေသူများဖြစ်ပြီး နယ်စပ်တလျောက် မငြိမ်မသက်မှုများနှင့် စစ်ရေးတင်းမာမှုများကို အခွင့်အရေးယူကာ မြန်မာစစ်ရှောင်များကို အမည်ခံအသုံးပြု၍ ယခင်ကထက် ပိုမိုရောင်းဝယ်ဖောက်ကားလာသည်ဟု ထုတ်ပြန်ထားသည်။

မြန်မာစစ်ရှောင်များအနေဖြင့် ခိုလှုံရာ အိန္ဒိယနိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများ၏ အမည်ခံအသုံးချခံအဖြစ် မပါဝင်ကြရန်နှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှု သတင်းများရရှိပါက သက်ဆိုင်ရာမြို့နယ်နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပေးတိုင်ကြားကြရန် အသိပေးထားသည်။

ချင်းပြည်ကောင်စီ၏ ထိန်းချုပ်ရာနယ်မြေများနှင့် အိန္ဒိယနယ်စပ်တလျောက် မူးယစ်ဆေးရောင်းဝယ်မှုများကို ချင်းပြည်အစိုးရ၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များမှ အလေးထားဖော်ထုတ်တားဆီးသွားမည့်အပြင် စိုက်ပျိုးသူ၊ ရောင်းဝယ်သူ၊ လက်ဝယ်ထားရှိသူများကို စုံစမ်းဖော်ထုတ်ကာ ဥပဒေအရ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency