မန္တလေးမြို့တွင် အင်ဂျင်နီယာသပိတ်စစ်ကြောင်းအား အရပ်ဝတ်များဖြင့် စောင့်ဖမ်းရာက လူငယ် (၂)ဦး ဖမ်းခံရ

မန္တလေးမြို့တွင် အင်ဂျင်နီယာသပိတ်စစ်ကြောင်းအား အရပ်ဝတ်များဖြင့် စောင့်ဖမ်းရာက လူငယ် (၂)ဦး ဖမ်းခံရ
ဇန်နဝါရီ 4, 2022 | အခြားဒေသများ

 စစ်အာဏာရှင်ပြုတ်ကျရေးဆန္ဒပြနေသည့် မန္တလေးမြို့မှ အင်ဂျင်နီယာသပိတ်စစ်ကြောင်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ ညနေ့ပိုင်းက  သပိတ်အပြီး လူစုခွဲနေစဥ်မှာ အာဏာသိမ်းအဖွဲ့က အရပ်ဝတ်များဖြင့် စောင့်ဆိုင်း ဖမ်းဆီးခဲ့သောကြောင့် လူငယ် (၂) ဦး ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

ယနေ့ညနေ (၄) နာရီခွဲဝန်းကျင်က  စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြ တောင်းဆိုနေသည့် အင်ဂျင်နီယာသပိတ်စစ်ကြောင်းသည် သပိတ်ပြီး၍ လူစုခွဲနေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဖြင့်  ဆိုင်က ထွက်လာပြီး ဖမ်းဆီးကာ သေနတ်ပစ်ဖောက်ဖြိုခွင်းခဲ့ကြောင်းသိရသည်။

လှည့်ကင်းနဲ့တွေ့ပုံပဲ။ သူတို့က ဘေးနားက စျေးဆိုင်လေးထဲမှာ အရပ်ဝတ်နဲ့။ သပိတ်က လူစုခွဲနေတဲ့အချိန်မှာ ဝင်ဖမ်းတာ။ အမျိုးသား တစ်ဦး အမျိုးသမီး တစ်ဦး ဖမ်းခံလိုက်ရတယ်

ဟု မျက်မြင်တွေ့ရသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းအဖွဲ့သည် အာဏာသိမ်းမှုအား ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သည့် သပိတ်များအား ဖြိုခွင်းရာတွင် ဥပဒေနှင့်အညီ လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများကို အာဏာစသိမ်းချိန်ကတည်းက လုပ်ဆောင်ခြင်းမရှိဘဲ နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်နှိမ်နှင်းခြင်းကို လုပ်နေသည်ကို တွေ့ရသည်။

အာဏာသိမ်းအဖွဲ့က ပြည်သူများအား ဥပဒေကိုကျော်လွန်၍ အကြမ်းဖက်နှိမ်နှင်းခြင်းများ လုပ်နေသော်လည်း စစ်အာဏာရှင်ပြုတ်ကျရေး ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အာဏာသိမ်းပြီး (၁၁)လကြာသည်အထိ ရင်ဆိုင်နေရဆဲဖြစ်သည့်အပြင် စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများဖြင့်ပါ ရင်ဆိုင်နေရခြင်းဖြစ်သည်။