တာချီလိတ်တွင် လူဦးရေစာရင်း ကောက်ခံနေ၍ ဒေသခံများ စိုးရိမ်မှုမြင့်နေ

တာချီလိတ်တွင် လူဦးရေစာရင်း ကောက်ခံနေ၍ ဒေသခံများ စိုးရိမ်မှုမြင့်နေ
ဖေဖော်ဝါရီ 13, 2024 | 2021 Military Coup| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် ရပ်ကွက်ရုံးအဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့တို့က မည်သည့်အကြောင်းပြချက်မှမဖေါ်ပြဘဲ အသက်ပိုင်းခြားအလိုက် လူဦးရေစာရင်း လိုက်လံကောက်ယူနေသည့် ကာလနှင့် မရှေးမနှောင်းမှာပင် အာဏာသိမ်း စစ်ကောင်စီက  ၂၀၁၀ ပြည်သူ့စစ်အမှုထမ်းဥပဒေကို ထုတ်လိုက်သဖြင့် ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်နေကြသည်။

"တာချီလိတ်မှာတော့ လူစာရင်း လိုက်ကောက်နေတယ်။ ရပ်ကွက်ရုံးက အဖွဲ့တွေလည်းပါသလို   ပြည်သူ့စစ်လည်း  ပါတယ်။ စစ်မှုထမ်းခိုင်းဖို့ စာရင်းကောက်နေတာလား မသိဘူး"ဟု ဒေသခံ တစ်ဦးက Tachileik News Agency ကို ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် ယင်းသို့ စာရင်းကောက်ယူမှုများကို စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်သည့် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့ မတိုင်မီကပင် အချို့ရပ်ကွက်များ၌ စတင်နေခဲ့ခြင်းဖြစ်ပြီး စစ်မှုထမ်းဥပဒေနှင့်ဆက်စပ်မှုမရှိဟု စာရင်းကောက်ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက ဆိုထားသည်။

"စစ်မှုထမ်းဖို့ဆိုပြီးတော့ စာရင်းကောက်ခိုင်းတာတော့ မရှိသေးပါဘူး။ အခုက သန်းခေါင်စာရင်းအတွက်  အထက်က စာရင်းတောင်းလာရင် ပေးနိုင်အောင် အဆင်သင့်လုပ်ထားတဲ့ သဘောပါ။ ရပ်ကွက် ကျေးရွာအုပ်စုတွေမှာပါ အခုလို လုပ်နေတာပါ"ဟု ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြို့ပေါ် ရပ်ကွက်များတွင် ၂၀၂၄ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် ကောက်ခံနေသည့် လူဦးရေစာရင်းကို အသက်ပိုင်းခြားအလိုက် ခွဲခြားစီစဉ်ထားရှိပြီးပါက မည်သည့် အကြောင်းကိစ္စကြောင့် ဖြစ်စေ စစ်တပ်နှင့်အထက်ဌာနများက တောင်းခံလာလျှင်  ပေးနိုင်ရန်နှင့် အထွေထွေအသုံးချနိုင်ရန်အတွက် စာရင်းကောက်ယူနေခြင်း ဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းပြီး အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် နိုင်ငံတဝန်းတွင် စစ်အာဏာရှင်ဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုများဖြင့် စစ်မျက်နှာများစွာ ရင်ဆိုင်နေရသည့် စစ်ကောင်စီက အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမည့်ဥပဒေကို ထုတ်ပြန်လာသဖြင့် ပြည်သူများကြား စိုးရိမ်မှုများရှိနေကြခြင်းဖြစ်သည်။