ပုဏ္ဏားကျွန်းမြို့ရှိ ခမရ ၅၅၀ သိမ်းတိုက်ပွဲအတွင်း ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို၊ ခလရ ၂၀၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်တို့အား အသေဖမ်းမိ

ပုဏ္ဏားကျွန်းမြို့ရှိ ခမရ ၅၅၀ သိမ်းတိုက်ပွဲအတွင်း ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို၊ ခလရ ၂၀၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်တို့အား အသေဖမ်းမိ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်၏ ခမရ(၅၅၀) စခန်းသိမ်းတိုက်ပွဲအတွင်း ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို၊ DSA အပတ်စဉ် (၄၂)၊ ခလရ (၂၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ (၅၅၀)မှ ဗိုလ်မှူးစောထွေးတို့နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကို အသေဖမ်းရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်သည်။

ထိုးစစ်တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်းရှိခဲ့ပြီး ခမရ (၅၅၀)တပ်ရင်းမှ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် လက်နက်ချအညံ့ခံသောသူများ၊ စောစီးစွာ အလံဖြူထောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်တိုင်းကို အသက်ချမ်းသာပေးပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားသည်ဟု ဆိုသည်။

မတ်လ (၃)ရက်နေ့ နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်း ခမရ (၅၅၀)သို့ စစ်ကူပေးရန်လာသော စစ်ကောင်စီ၏ ဇက်သင်္ဘော (၂)စီးကိုလည်း ရက္ခိုင့်တပ်တော်၊ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များမှ ဟန့်တားတိုက်ခိုက်နိုင်ခဲ့သည့်အပြင် ၎င်းဇက်သင်္ဘော (၂)စီးကို ကယ်တင်ရန်လာသော နောက်ထပ်ဇက်သင်္ဘော (၁)စီးကိုလည်း ရှေ့ဆက်မတိုးနိုင်အောင် အကောင်းဆုံးဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဇက်သင်္ဘော (၃)စီးစလုံးအား ရေထဲနစ်မြုပ်အောင် မတိုက်ခိုက်နိုင်သော်လည်း ဇက်သင်္ဘောပေါ်တွင် ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ခမရ (၅၅၀) တပ်ရင်းအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့ကတည်းကပင်စတင် ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံကာကွယ်နေသည့်ကြားမှ (၁၃)ရက်ကြာမြင့်သည်အထိ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ မတ်လ(၄)ရက်နေ့တွင် ခမရ (၅၅၀)ကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းကိုမူ ဖေဖော်ဝါရီလ (၂၂)ရက်နေ့ ကတည်းကပင် ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ထားပြီးဖြစ်သည်။

ထို့ကြောင့် ပုဏ္ဏားကျွန်းမြို့သည် စစ်ကောင်စီကင်းစင်သည့် မြို့တစ်မြို့ဖြစ်လာခဲ့ပြီး ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင်ဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်ရေးအတွက် အခြားကျန်ရှိနေသေးသည့် မြို့များကို တစ်ခုပြီးတစ်ခု မရပ်မနား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ရခိုင်ဒေသအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးအနေဖြင့် လက်နက်ချအညံ့ခံရန် ရက္ခိုင့်တပ်တော်က ထပ်မံ၍ အသိပေးထားသည်။

#TachileikNewsAgency