ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ခွေးဘီလူး ကိုက်မှုကြောင့် အမျိုးသမီးတစ်ဦး လက်မောင်းပြတ်လုနီးပါး ဒဏ်ရာ ပြင်းထန်စွာရ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ခွေးဘီလူး ကိုက်မှုကြောင့် အမျိုးသမီးတစ်ဦး လက်မောင်းပြတ်လုနီးပါး ဒဏ်ရာ ပြင်းထန်စွာရ
By Mr John

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆန်ဆိုင်းတွင် ခန့်မှန်းခြေ အသက် (၁၀) နှစ်အရွယ် ရက်စက်ကြမ်းကြုတ်သော ခွေးဘီလူး အထီးတစ်ကောင်က အမျိုးသမီးတစ်ဦးကို ကြောက်မက်ဖွယ်ရာ ကိုက်ခဲ့သော ကျောချမ်းဖွယ် ဖြစ်ရပ်ကို CCTV တွင် မြင်တွေ့ကြရသည်။ 

ခွေးဘီလူး အကိုက်ခံရသော အသက် (၃၀) နှစ်အရွယ် အမျိုးသမီးမှာ လက်မောင်းပြတ်လုနီးပါး ဒဏ်ရာပြင်းထန်စွာရခဲ့သည်။

CCTV မှတ်တမ်းတွင် ခွေးဘီလူးက အမျိုးသမီးအား ရက်ရက်စက်စက် ကိုက်နေသည်ကို တွေ့ရပြီး သူမ၏ ရည်းစားနှင့် ခွေးပိုင်ရှင်က ဝင်ရောက်ဟန့်တားမှုကြောင့်သာ အကိုက်ရပ်သွားခဲ့သည်။

 ထိုခွေးဘီလူးကို အမျိုးသမီးနှင့် ခွဲထုတ်ရန် (၂) မိနစ်ကျော်ကြာခဲ့ပြီး အမျိုးသမီးမှာ သွေးအိုင်ထဲတွင် ကျန်နေခဲ့သည်။ 

ခွေးကိုက်မှု ဖြစ်ပွားပြီးနောက် ခွေးဘီလူး၏ ပိုင်ရှင်က ချက်ချင်းပင် ၎င်း၏ခွေးကို လှောင်အိမ်တစ်ခုထဲသို့ ထည့်လိုက်သည်။

အသက် (၆၇) နှစ်အရွယ် ခွေးပိုင်ရှင် Lamduan Bunrit ၏ ပြောကြားမှုအရ သားဖြစ်သူက ထိုခွေးဘီလူးကို လွန်ခဲ့သည့် နှစ်များအကြာတွင် အိမ်သို့ ဝယ်လာခဲ့ကြောင်း သိရသည်။ 

သားဖြစ်သူမှာ မကြာသေးမီက ကွယ်လွန်သွားခဲ့ရာ Lamduan က ထိုခွေးကို ဆက်လက် မွေးမြူခဲ့ရသည်။ 

ခွေးဘီလူးအတွက် ပိုင်ရှင်အသစ် ရှာဖွေနေသော်လည်း ခွေးက ကြမ်းတမ်းမှုကြောင့် ပိုင်ရှင်အသစ်ထံ လွှဲပြောင်းပေးရန် အစီအစဉ်ပျက်ခဲ့ရသည်ဟု  Lamduan က ဆိုသည်။ 

ခွေးဘီးလူး အကိုက်ခံရသည့် အမျိုးသမီးနှင့် သူမ၏ ရည်းစားတို့ နှစ်ဦးလုံးမှာ Lamduan ၏ အိမ်နီးချင်းများလည်း ဖြစ်ကြသည်။

ထိတ်လန့်တုန်လှုပ်ဖွယ် ခွေးအကိုက်ခံရမှု မတိုင်မီက စကားစမည်ပြောရန် Lamduan ၏ အိမ်သို့ အလည်လာခဲ့သည်ဟု ဆိုသည်။ 

အမျိုးသမီးနှင့် (၂) မီတာခန့်အကွာတွင် ရှိနေခဲ့သည့် ခွေးဘီလူးက ရုတ်တရက် ပြေးဝင်လာပြီး အမျိုးသမီးကို ကိုက်ခဲခဲ့ကြောင်း သိရသည်။ 

ခွေးကိုက်မှု ဖြစ်ရပ်မှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်းနှင့် လွန်ခဲ့သည့် (၃) လကလည်း ၎င်းကိုယ်တိုင် ထိုခွေးဘီလူး အကိုက်ခံရသောကြောင့် (၁၈) ချက် ချုပ်ခဲ့ရကြောင်း ခွေးကိုက်ခံရသည့် အမျိုးသမီး၏ ရည်းစားဖြစ်သူက ပြောကြောင်း The Thaiger သတင်းစာဝက်ဘ်ဆိုက်က ၂၀၂၄ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် ဖော်ပြထားသည်။

 

Source: The Thaiger