လေယာဥ်အိမ်သာ ကြမ်းပြင်ပေါ်တွင် မစင်စွန့်ထားမှုကြောင့် လေယာဥ်ခရီးစဥ် ဖျက်သိမ်းလိုက်ရ

လေယာဥ်အိမ်သာ ကြမ်းပြင်ပေါ်တွင် မစင်စွန့်ထားမှုကြောင့် လေယာဥ်ခရီးစဥ် ဖျက်သိမ်းလိုက်ရ
အောက်တိုဘာ 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဗြိတိန်လေကြောင်းလိုင်း easyJet လေယာဥ်တစ်စီး၏ အိမ်သာကြမ်းပြင်ပေါ်တွင် တစ်စုံတစ်ဦးက မစင်စွန့်ခဲ့ပြီးနောက် လေကြောင်းလိုင်းက အစောပိုင်းကတည်းက နှောင့်နှေးကြန့်ကြာနေသော လေယာဥ်ခရီးစဥ်ကို ဖျက်သိမ်းလိုက်ရာ ခရီးသည်များ သောင်တင်နေခဲ့ကြသည်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၆) ရက် ညပိုင်းက စပိန်နိုင်ငံ တီနီရိဖ်ကျွန်းမှ လန်ဒန်မြို့ရှိ London Gatwick လေဆိပ်သို့ ပျံသန်းမည့် easyJet လေယာဥ်ခရီးစဥ်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

လေယာဥ်၏ အိမ်သာကြမ်းပြင်ပေါ်တွင် တစ်စုံတစ်ဦးက မစင်စွန့်ထားသောကြောင့် လေယာဥ်ခရီးစဥ် ဖျက်သိမ်းလိုက်ကြောင်းနှင့် တည်းခိုနေထိုင်ရန် ဟိုတယ်များ စီစဥ်ကြရန် လေယာဥ်မှူးက ကြေညာခဲ့သည်။ 

ထိုလေယာဥ်မှာ မူလက အောက်တိုဘာလ (၁၆) ရက် ည (၈) နာရီ (၅) မိနစ်တွင် တီနီရိဖ်မှ ထွက်ခွာပြီး လန်ဒန်သို့ အောက်တိုဘာလ (၁၇) ရက် နံနက် (၁၂) နာရီ (၂၀) မိနစ်တွင် ဆိုက်ရောက်ရန် စီစဥ်ထားခြင်းဖြစ်သလို အစောပိုင်းကတည်းကလည်း လေယာဥ်ခရီးစဥ်ကို နာရီအတန်ကြာ ရွှေ့ဆိုင်းထားခဲ့သည်။

ထို့နောက် လေယာဥ်ကြမ်းပြင်ပေါ်တွင် ခရီးသည်တစ်ဦးက မစင်စွန့်ခဲ့မှုကြောင့် လေယာဥ်ခရီးစဥ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။ 

လေကြောင်းလိုင်းက တီနီရိဖ်ကျွန်းပေါ်ရှိ လေဆိပ်အနီးတဝိုက် ဧရိယာတွင် ဟိုတယ်ခန်း မရှာနိုင်ခဲ့ရာ ခရီးသည်များမှာ တစ်ညတာ တည်းခိုနေထိုင်ရန် ကိုယ်တိုင် ရှာဖွေခဲ့ရသည်။

 

Source: Daily Mail