တာချီလိတ်ရွှေတိဂုံစေတီတော်၏ စိန်ဖူးတော်ရှိ စိန်တုံး နှင့် ကျောက်အချို့ ပြန်တွေ့ပြီဟု ဆိုသော်လည်း အတု အစစ် စစ်ဆေးနေ

တာချီလိတ်ရွှေတိဂုံစေတီတော်၏ စိန်ဖူးတော်ရှိ စိန်တုံး နှင့် ကျောက်အချို့ ပြန်တွေ့ပြီဟု ဆိုသော်လည်း အတု အစစ် စစ်ဆေးနေ

ကျပ်သန်းပေါင်း (၁,၁၀၀)ကျော် အကုန်ကျခံကာ ရွှေသင်္ကန်းကပ်လှူရန်အတွက် ငြမ်းဆင်ထားသည့်  တာချီလိတ်ရွှေတိဂုံစေတီတော်တွင်   စိန်ဖူးတော်ရှိ စိန်တုံးနှင့် ကျောက်များ ပျောက်ဆုံး ခိုးခံရမှု ဖြစ်ပေါ်ခဲ့ပြီး နောက်တစ်ရက်အကြာတွင် ထီးတော်အောက် အမှိုက်ကန်အကြားကနေ ပြန်တွေ့ပြီဟု ဆိုသော်လည်း အတုဟု မသင်္ကာဖွယ်ဖြစ်နေ၍ ဆက်လက် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

စိန်ဖူးတော် အထွဋ်ရှိ စိန်တုံးနှင့် ပတ်လည်ရှိ ကျောက် အချို့ မရှိတော့ကြောင်းကို စိန်ဖူးတော် တက်ဖြုတ်သည့် ၂၀၂၄ခုနှစ် မတ်လ(၁၄)ရက်နေ့က သိရှိရပြီးနောက် တာချီလိတ်မြို့မရဲစခန်းတွင် (၁၂)ဦးကို ခေါ်စစ်ယူဆေးခြင်းများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကို သိရှိရပြီး (၂၄)နာရီအတွင်း စိန်တုံး ပြန်လည်တွေ့ရှိရေး စစ်တပ်ကပါ ပါဝင်လာပြီးနောက်  ၂၀၂၄ခုနှစ် မတ်လ(၁၅)ရက်နေ့ နေ့လည်ပိုင်းတွင် စေတီရှိ ထီးတော်အောက် အမှိုက်ကန်အကြားထဲက စိန်တုံးပြန်လည်တွေ့ရှိပြီဟု သတင်းထွက်ပေါ်လာပြီးနောက် တွေ့ရှိသည့် စိန်တုံးအား အတု အစစ် ခွဲခြား စစ်ဆေးနေကြောင်းနှင့် တွေ့ရှိရသူများကိုလည်း ခေါ်ယူ စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။

 

"ဒီစိန်တုံးရဲ့ အလေးချိန်က (၁၀)ကာရက်ရှိတယ်။ အခု ပြန်တွေ့တယ်ဆိုတဲ့ စိန်တုံးနဲ့က အလေးချိန် မတူညီတာကို တွေ့ရတယ်လို့ အတွင်းသတင်းတွေအရ သိရတယ်ဗျ။ ဒီကိစ္စ ညှိနှိုင်းနေတာတွေတော့ လုပ်နေကြတယ်။ ဘာကို ညှိနှိုင်းကြသလဲတော့ မပြောတတ်ဘူး။ အခုတော့ ဒီကိစ္စ ဆက်လက် စစ်ဆေးနေကြပါတယ်"ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ် တစ်ဉီးက Tachileik News Agecny သို့ ပြောသည်။

 

စိန်ဖူးတော် အထွဋ်ရှိ စိန်တုံးနေရာတွင် စိန်ငုံထားသည့် အထိုင်မှာ သဘာဝကြောင့် ပျက်စီးနေသည့် အနေအထားမဟုတ်ဘဲ ဖျက်ဆီးခံထားရသည့် အနေအထားဖြစ်နေပြီး စိန်တုံးကိုလည်း ထီးတော်အောက် အမှိုက်ကန်ကြားကနေ တွေ့ရသည့် ဖြစ်စဉ်မှာ စဉ်းစားစရာ အချက် တစ်ခုဖြစ်စေကြောင်း သုံးသပ်ကြသည်။

"စိန်ငုံထားတဲ့ အထိုင်လည်း စိန်မှာ ပါမလာဘူး။ ပြီးတော့ အဲ့ဒီ အထိုင်ကလည်း သဘာဝကြောင့် ပျက်စီးနေတဲ့ အနေအထားမဟုတ်ဘဲ စိန်တုံးယူဖို့ ဖျက်ဆီးထားတဲ့ သဘောမျိုး ဖြစ်နေတာကို တွေ့ရတယ်။ စိန်တုံးက အမှန်တကယ် အောက်ကို ပြုတ်ကျနေတာလား။ ဖြုတ်တုန်းကတည်းက မရှိနေတော့တာဆိုရင် ဘယ်ချိန်ကတည်းက ပျောက်နေတာလဲဆိုတာကို သေချာ စစ်ဆေးမှ အဖြေတွေ့နိုင်မဲ့ သဘောလို့ မြင်ပါတယ်။"ဟု မြို့မိမြို့ဖ တစ်ဦးက ပြောသည်။

အဆိုပါ စိန်တုံးကို လှူဒါန်းထားသည့် အလှူရှင်မိသားစုမှာ လက်ရှိတွင် တာချီလိတ်၌ ရှိနေဆဲဖြစ်၍ စိန်တုံး အစစ် အတု ခွဲခြားနိုင်ရန် ၎င်းတို့ကိုလည်း မေးမြန်းနိုင်သလို ကျွမ်းကျင်တတ်သိသူများကိုလည်း မေးမြန်းနိုင်သည်ဟု ၎င်းက ဆက်လက် အကြံပြုသည်။



 

တာချီလိတ်ရွှေတိဂုံစေတီတော်အား ရွှေသင်္ကန်းကပ်ရန်  ဝါးငြမ်းဆင်ရန်အတွက် ၂၀၂၄ခုနှစ် မတ်လ(၁)ရက်နေ့တွင် ဝါးများကို စုပုံထားရှိပြီးနောက် မတ်လ(၃)ရက်နေ့တွင် ငြမ်းဆင်ခြင်းကို စတင်ရာ မတ်လ(၁၄)ရက်နေ့တွင် ငြမ်းဆင်မှုပြီးသည့်အတွက် စိန်ဖူးတော်ကို တက်ရောက် ဖြုတ်ယူခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နံနက်(၄)နာရီ ဝန်းကျင်အချိန်ကလည်း ရွှေတိဂုံစေတီအတွင်း မီးလောင်မှု ဖြစ်ပွား

တာချီလိတ်ရွှေတိဂုံစေတီတော်တွင် ရွှေသင်္ကန်းကပ်လှူရန်စီစဉ်မှုများနှင့် ပတ်သက်၍ ထူးခြားမှုများအနေဖြင့် တတိယအကြိမ် ရွှေသင်္ကန်းကပ်လှူသည့် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နံနက်(၄)နာရီ ဝန်းကျင်အချိန်ကလည်း ရွှေတိဂုံစေတီအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့သလို ယခု စတုတ္ထအကြိမ် ရွှေသင်္ကန်းကပ်လှူသည့် ၂၀၂၄ခုနှစ် မတ်လတွင်လည်း စိန်ဖူးတော် အထွဋ်ရှိ စိန်တုံး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သည်။