မလေးရှားဆိုင်ကယ်စီး (၁၆) ဦးအဖွဲ့ တာချီလိတ်မှ ထိုင်းနိုင်ငံသို့ ဝင်ရောက်

မလေးရှားဆိုင်ကယ်စီး (၁၆) ဦးအဖွဲ့ တာချီလိတ်မှ ထိုင်းနိုင်ငံသို့ ဝင်ရောက်
ဒီဇင်ဘာ 11, 2019
By Tachileik News Agency

မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်မှ ဝင်ရောက်လည်ပတ်သည့် မလေးရှားနိုင်ငံသား(၁၇) ဦး ပါဝင်သည့် ဆိုင်ကယ်စီးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှတစ်ဆင့် ထွက်ခွာသွားသည်။

အဆိုပါ (၁၇)ဦးအဖွဲ့သည် မြဝတီနယ်စပ်ဝင်ပေါက်မှနေ၍ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့၌ မြန်မာနိုင်ငံတွင်း ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး (၇) ဦးအဖွဲ့က မော်တော်ဆိုင်ကယ် (၆) စီးဖြင့် မြဝတီ၊ ကျိုက်ထီးရိုး၊ ရန်ကုန်၊ ပြည်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ နမ့်စန်၊ ကျိုင်းတုံ၊ တာချီလိတ်မြို့လမ်းကြောင်းအတိုင်း လည်ပတ်ခဲ့ကြကာ ကျန်(၁၀) ဦးအဖွဲ့က ဆိုင်ကယ် (၁၀) စီးဖြင့်  မြဝတီ၊ ကျိုက်ထီးရိုး၊ ရန်ကုန်၊ နေပြည်တော်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ နမ့်စန်၊ ကျိုင်းတုံ၊ တာချီလိတ်မြို့လမ်းကြောင်းအတိုင်း လည်ပတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာဝင်ထွက်ပေါက်ဖြစ်သော မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှ ဝင်ထွက်သွားလာနေသည့် နိုင်ငံခြားသားခရီးသွားများအား လိုအပ်သည့်ပံ့ပိုးမှုရရှိနိုင်ရေးအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၊တပ်ဖွဲ့စု(၁၄)တာချီလိတ်မှ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ လိုအပ်သည်များကို စိစစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မလေးရှားနိုင်ငံသား (၈) ဦးအဖွဲ့မှ ဆိုင်ကယ် (၇) စီးဖြင့် မြဝတီနယ်စပ်ဂိတ်မှ ဝင်ရောက်ပြီး တာချီလိတ်နယ်စပ်မှပြန်ထွက်ရန် ခွင့်ပြုချက်တင်ခဲ့ပြီး မလေးရှားနိုင်ငံသား (၁) ဦးနှင့် ဆိုင်ကယ် (၁) စီး လိုက်ပါနိုင်ခြင်းမရှိကြောင်း၊ မလေးရှားနိုင်ငံသား (၁၁) ဦးအဖွဲ့မှာလည်း ဆိုင်ကယ် (၁၁) စီးဖြင့် မြဝတီနယ်စပ်မှဝင်ရောက်ပြီး တာချီလိတ်မှ ပြန်ထွက်ရန် ခွင့်ပြုချက်တင်ခဲ့သော်လည်း မလေးရှားနိုင်ငံသား (၁) ဦးနှင့် ဆိုင်ကယ် (၁) စီးတို့မှာ လိုက်ပါနိုင်ခြင်းမရှိသဖြင့် မလေးရှားနိုင်ငံသား (၁၇) ဦးက ဆိုင်ကယ် (၁၆) စီးဖြင့် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~