တာချီလိတ်မြို့တွင်  မျက်စိစပ်စေသည့် မီးခိုးဖုံးလွှမ်းမှုကြောင့် လေထု အရည်အသွေး ခရမ်းရောင်အဆင့် ရောက်ရှိနေ

တာချီလိတ်မြို့တွင်  မျက်စိစပ်စေသည့် မီးခိုးဖုံးလွှမ်းမှုကြောင့် လေထု အရည်အသွေး ခရမ်းရောင်အဆင့် ရောက်ရှိနေ
မတ် 15, 2024 | ရှမ်းရှေ့

 နှစ်စဉ် မတ်လရောက်တိုင်း တောမီးခိုးများ ဖုံးလွှမ်းမှုကြောင့် လေထုညစ်ညမ်းမှုဒဏ်ကို ဆိုးရွားစွာ ခံရလေ့ရှိသည့် တာချီလိတ်မြို့တွင် ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် မျက်လုံးများ စပ်သည်အထိ ခံစားနေရသလို  လေထု အရည်အသွေးမှာလည်း ခရမ်းရောင်အဆင့်သို့ ရောက်ရှိနေကြောင်း သိရသည်။

"မနေ့ကတော့ သိပ်မသိသာဘူး။ ဒီမနက်တော့ မြို့ထဲသွားတာ မျက်စိစပ်တယ်။ အရင်နှစ်လောက်တော့ မီးခိုးတွေ အရမ်းတော့ မများသေးပေမဲ့၊ ဒီနေ့ကတော့ မနက်ကထက် ပိုသိသာစေတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

၂၀၂၄ခုနှစ် မတ်လ(၁၄)ရက်နေ့မှ မတ်လ(၁၅)ရက်နေ့ နံနက်(၇)နာရီအချိန်အထိ (၂၄)နာရီအတွင်း တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ တိုင်းတာချက်များအရ  တာချီလိတ်မြို့၏ လေထုအရည်အသွေး (  Air Quality Index - AQI )မှာ (၂၃၄)အထိ ရှိနေ၍ ခရမ်းရောင်အဆင့်တွင် ရောက်ရှိနေကြောင်း သိရသည်။

တာချီလိတ်မြို့၏ လေထုအရည်အသွေးနှင့် ပတ်သက်ပြီး တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ တိုင်းတာချက်များအရ မေလ(၁၂)ရက်နေ့က AQI 171၊  မေလ(၁၃)ရက်နေ့က AQI 190 နှင့်  မေလ(၁၄)ရက်နေ့က AQI 181 အဖြစ် အနီရောင်အဆင့်တွင်သာ ရှိခဲ့ရာမှ ယနေ့ မေလ(၁၅)ရက်နေ့တွင် AQI 234 အထိရှိလာ၍ ခရမ်းရောင်အဆင့်သို့ သတ်မှတ်ထားခြင်းဖြစ်သည်။

 "ထိခိုက်လွယ်အုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ အနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့  ထွက်ခြင်းမှ ရှောင်ကြဥ်သင့်ပါကြောင်း နှင့် မဖြစ်မနေ အပြင်ထွက်ရန်လိုအပ်ပါက နှာခေါင်းစည်း Mask များတပ်ဆင်ကြရန်" တာချီလိတ်ခရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက အသိပေးထားရှိသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသတစ်လျှောက် တောမီးလောင်မှုများနှင့် တောင်ယာတောမီးရှို့မှုများကြောင့် မီးခိုးများမှာ တာချီလိတ် နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြား ဖုံးလွှမ်းလေ့ရှိသည့်အတွက် နှစ်စဉ် နွေရာသီရောက်တိုင်း တာချီလိတ်ဘက်က မီးသတ်နှင့်စည်ပင်တို့သည် မြို့တွင်းလှည့်လည်ကာ ရေမှုန်ရေမွှား ပက်ဖျန်းကြရသလို၊ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင်လည်း ရေမှုန်ရေမွှားပက်ဖြန်းကြရလေ့ရှိသည်။

မီးခိုးဖုံးလွှမ်းမှုများမှာ နှစ်စဉ် နွေရာသီရောက်တိုင်း ကြုံရလေ့ရှိပြီး တောင်ယာတောမီးရှို့မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာများက နွေရာသီရောက်မှသာ အသိပညာပေးလေ့ရှိသည်ကိုလည်း တွေ့ရသည်။