အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် ကျပ်သိန်း(၅၀၀)ထည့်ဝင် မတည်ပေးထားသည့် တာချီလိတ်မြို့မီးလင်းရေးက လျှပ်စစ်ဓါတ်အားခ တိုးမြှင့် ကောက်ခံမည်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် ကျပ်သိန်း(၅၀၀)ထည့်ဝင် မတည်ပေးထားသည့် တာချီလိတ်မြို့မီးလင်းရေးက လျှပ်စစ်ဓါတ်အားခ တိုးမြှင့် ကောက်ခံမည်
နိုဝင်ဘာ 18, 2022 | ရှမ်းရှေ့

 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ကျပ်သိန်း(၅၀၀)ထည့်ဝင် မတည်ပေးထားသည့် တာချီလိတ်မြို့မီးလင်းရေးက ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းတိုးမြှင့်မှုကြောင့် လျှပ်စစ်ဓါတ်အားခများကို တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၄၅)ပြား နှင့် ပြား(၆၀) တိုးမြှင့်ကောက်ခံတော့မည်ဟု ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့ ညနေပိုင်းက အသိပေး ကြေညာလာသည်ကို တွေ့ရသည်။

လျှပ်စစ်မီတာအမျိုးအစားများအနေဖြင့် အိမ်သုံးမီတာ တစ်ယူနစ်ကို ထိုင်းဘတ်ငွေ (၅)ဘတ် (၃၅)ပြား ကောက်ခံနေရာမှ (၅)ဘတ် (၈၅)ပြား အဖြစ် လည်းကောင်း၊ ပါဝါမီတာ တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၆.၆၀)ပြား ကောက်ခံနေရာမှ (၇)ဘတ်(၂၀)ပြားအထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပြီး နိုဝင်ဘာလအတွင်းကနေ စတင်ပေးဆောင်ကြရမည်ဟုလည်း အသိပေးထားသည်။

ကမ္ဘာ့လောင်စာဆီဈေးနှုန်း ပြန်လည်တည်ငြိမ်လာပါက ထိုင်းနိုင်ငံ Provincial Electricity Authority(PEA)၏ တန်ဖိုးပြောင်းလဲမှုပေါ် မူတည်ပြီးတော့လည်း (၄)လတစ်ကြိမ် ဓါတ်အားခ ကောက်ခံမှုနှုန်းထား အပြောင်းအလဲရှိနိုင်ကြောင်းလည်း အသိပေးထားသည်။

 

"တာချီလိတ်မှာက ရေရောင်းတဲ့ လူတွေကလည်း လောင်စာဆီဈေးနှုန်းကျသွားရင် ဈေးလျှော့မယ်ဆိုပြီး ရေသန့်ဈေးတွေ တင်ရောင်းနေတာ ခုထိပဲ။ အခုလည်း မီးလင်းရေးက လောင်စာဆီဈေးနှုန်းတိုးမြှင့်မှုကြောင့်တဲ့ အကြောင်းပြချက်တွေက သိပ်ကောင်းတယ်။ အိမ်ခန်းငှားပိုင်ရှင် လောဘသားတွေကလည်း အရင်ကတည်းက မီတာခကို တိုးကောက်နေတာ။ အခုဆို ပိုတောင် တိုးကောက်မလားမသိဘူး။ မီးလင်းရေးရဲ့ ကော်မတီဝင်တွေလည်း အိမ်ရှင်အိမ်ငှား မီးတာခ တိုးကောက်နေတာကိုတော့ တားမြစ်ပေးနိုင်စွမ်းမရှိတော့ဘူးထင်တယ်၊ အဲ့လောက်တောင် အစွမ်းအစ မရှိဘဲ ကော်မတီဝင်တွေ လုပ်နေကြပုံပဲ"ဟု အမည်မဖော်လိုသည့် တာချီလိတ် ဒေသခံ တစ်ဦးက Tachileik News Agency ကို ပြောသည်။

တာချီလိတ်မြို့မီးလင်းရေးကော်မတီကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယခင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်တာဝန်ယူခဲ့ စဉ်က ကျပ်သိန်း(၅၀၀)မတည်ပြီး ဖွဲ့ပေးထားခဲ့ကာ ခေတ်အဆက်ဆက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးများက ဥက္ကဌအဖြစ် တာဝန်ယူကြကာ စစ်ဗျူဟာမှူးအဆက်ဆက် နာယကတာဝန်ယူကြသည့် တာချီလိတ်မြို့မီးလင်းရေးကော်မတီတွင် ဥက္ကဌများဖြစ်သည့် ခရိုင်အုပ်ချုပ်ရေးမှူးများက မီးလင်းရေးရုံးဝန်ထမ်း အချို့နှင့် ပေါင်းပြီး ကိုယ်ကျိုးအတွက် အလွဲသုံးစားမှုများရှိလာပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုးပမ်းမှုကြောင့် ပြည်သူ့အစိုးရ(NLD)လက်ထက်တွင် အဆိုပါ ကော်မတီ၏ ဥက္ကဌ နေရာများကို အရပ်သားများဖြင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။ 

နယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း၌  တာချီလိတ်မြို့၊ တာလေမြို့ နှင့်  ကျိုင်းလပ်မြို့   မြို့(၃)မြို့ရှိရာ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို တဆင့်ပြန်လည် ဝယ်ယူကာ သုံးစွဲနေခြင်း ဖြစ်ပြီး တာလေ နှင့် ကျိုင်းလပ်မြို့တို့သည် လာအိုနိုင်ငံမှ လျှပ်စစ်မီးကို တဆင့်ပြန်လည် ဝယ်ယူကာ သုံးစွဲနေကြရခြင်း ဖြစ်သည်။