အင်မထီးရွာ ပျူစောထီးစခန်းမှ ထွက်ပြေးလာသည့် အရပ်သား ၇ဦး ပုလဲပအဖထံ ခိုလှုံခွင့်တောင်း 

အင်မထီးရွာ ပျူစောထီးစခန်းမှ ထွက်ပြေးလာသည့် အရပ်သား ၇ဦး ပုလဲပအဖထံ ခိုလှုံခွင့်တောင်း 

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးရွာ ပျူစောထီးစခန်းမှ အရပ်သား(၇)ဦး ထွက်ပြေးလွတ်မြောက်လာပြီး ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခိုလှုံလာကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။  

မိသားစု(၃)စုမှ အသက်(၈၁)နှစ်အရွယ် အဖိုးအိုတစ်ဦးနှင့်အတူ အသက်(၈၀)နှစ်အရွယ် အဖွားအိုတစ်ဦး၊ အသက် (၄၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့်အတူ အသက်(၁၆)နှစ်အရွယ် သားတစ်ဦး၊ အသက်(၁၄)နှစ်အရွယ် သမီးတစ်ဦး၊ အသက်(၅၈)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့်အတူ အသက်(၄)နှစ်အရွယ် မြေးမလေး တစ်ဦး စုစုပေါင်း(၇)ဦး ထွက်ပြေးလွတ်မြောက်လာကာ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခိုလှုံခွင့်တောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်လာသူ မိသားစု(၃)စုမှ (၇)ဦးကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နွေးထွေးစွာကြိုဆို၍ လိုအပ်သည့် အချက်အလက်များကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

၎င်း(၇)ဦးအား စစ်ဆေးမေးမြန်းပြီးနောက်  အေးချမ်းစွာနေထိုင်ရန်၊ အကြမ်းဖက်စစ်ကောင်စီ၊ ပျူစောထီး၊ သူလျှိုဒလန်များနှင့် (လုံးဝ) ပတ်သက်ဆက်သွယ်ခြင်းမပြုရန်၊ နွေဦးတော်လှန်ရေးနှင့် ပြည်သူလူထုကို ထိခိုက်စေသော အပြောအဆို၊ အပြုအမူများနှင့် သူလျှိုဒလန်ကဲ့သို့သော လုပ်ရပ်များ မပြုလုပ်ရန်နှင့် ပြုလုပ်မိပါက ပြင်းထန်သော အပြစ်ပေးအရေးယူခြင်းကို ခံရမည်ဖြစ်ကြောင်း  ခံဝန်ကတိ လက်မှတ်ရေထိုးစေခဲ့သည်ဟု သိရသည်။

ခံဝန်ကတိရေးထိုးပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူ မိသားစု(၃)စုမှ (၇)ဦးကို ပုလဲမြို့နယ်ပြည်သူ့အုပ်‌ချုပ်ရေးအဖွဲ့မှ စောင်၊ မိုးကာ၊ အမျိုးသမီးဝတ် အဝတ်အထည်များနှင့် ငွေ(၁၅၀,၀၀၀)ကျပ် ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency