ပြည်သူများအပေါ် ငွေညှစ်အနိုင်ကျင့်နေသည့် ရန်ကုန်လေဆိပ်တာဝန်ရှိသူများကို Urban Owls သတိပေး

ပြည်သူများအပေါ် ငွေညှစ်အနိုင်ကျင့်နေသည့် ရန်ကုန်လေဆိပ်တာဝန်ရှိသူများကို Urban Owls သတိပေး

ရန်ကုန်လေဆိပ်တွင် ခရီးသွားပြည်သူများအပေါ် နည်းမျိုးစုံဖြင့် ငွေကြေးတောင်းခံခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသူများ၏ အချက်အလက်များကို ရန်ကုန်တော်လှန်ရေးအဖွဲ့က ရရှိထားပြီးဖြစ်ကြောင်း ၂၀၂၃ ခုနှစ် ဇွန်လ (၁၉)ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားလိုက်သည်။



"ရန်ကုန်လေဆိပ်ဟာဆိုရင် တော်လှန်ရေးသမားတွေ၊ CDM တွေကို မတရားဖမ်းဆီးနှိပ်စက်တာတွေအပြင် သာမန်ခရီးသွားပြည်သူတွေကိုပါ နိုင်ထက်စီးနင်းလုပ်နေတာဖြစ်တယ်။ အခုလို လေဆိပ်မှာ အနိုင်ကျင့်၊ လာဘ်စား၊ ဖမ်းဆီးညှင်းပန်းနေတဲ့ လုံခြုံရေးတာဝန်ခံတွေ၊ စစ်ဘက်တာဝန်ခံတွေ၊ လေကြောင်းလိုင်းတာဝန်ခံတွေရဲ့ အချက်အလက်တွေကို ကျွန်တာ်တို့ UG တွေလက်ထဲမှာ ရထားပြီ။ " ဟု Urban Owls စစ်ဆင်ရေးတာဝန်ခံက Tachileik News Agency သို့ ပြောသည်။



တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် Urban Owls အဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လုံခြုံရေးအရာရှိချုပ်ဖြစ်သူ ဗိုလ်မှူးဟောင်း ရဲခိုင်ကို ၂၀၂၃ ခုနှစ် ဇွန်လ(၁၉)ရက်နေ့ ညပိုင်းတွင် ပစ်ခတ်ခဲ့ပြီးနောက် ယင်းကဲ့သို့ ထုတ်ဖေါ်ပြောကြားလာခြင်းဖြစ်သည်။



အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာအသီးသီးနည်းတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူများကလည်း ခရီးသွားပြည်သူများကို နည်းမျိုးစုံဖြင့် ငွေကြေးတောင်းခံမှုများ လုပ်ဆောင်နေကြသည့်အပြင် ခရီးသွားအချို့မှာအာဏာသိမ်းစစ်ကောင်စီက စွပ်စွဲအမှုဖွင့်ခံထားရသည်ဟုဆိုကာ လေဆိပ်၌ ဖမ်းဆီးခံရခြင်းများလည်း ရှိနေခြင်းဖြစ်သည်။



ရန်ကုန်လေဆိပ်မှ တာဝန်ရှိသူများအနေဖြင့် ယင်းကဲ့သို့ဆက်လက်လုပ်ဆောင်နေပါက နောက်ထပ်တိုက်ခိုက်မှုများရှိနေမည်ဟု Urban Owls အဖွဲ့က သတိပေးထားသည်။



၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းလိုက်သည့်အဖွဲ့အား ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုများကို အာဏာသိမ်းအဖွဲ့က ပစ်ခတ်နှိမ်နှင်းမှုများနောက်ပိုင်းတွင် တော်လှန်ရေးအဖွဲ့များ ပေါ်ပေါက်လာပြီး ရန်ကုန်အပါအဝင် တပြည်လုံးအနေအထားဖြင့် စစ်အာဏာသိမ်းအဖွဲ့အား တန်ပြန်တိုက်ခိုက်နေကြခြင်းဖြစ်သည်။



#TachileikNewsAgency