နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဌအဖြစ် သန်လျင် မင်းကျောင်းဆရာတော်ကို ရွေးချယ် တင်မြှောက်

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဌအဖြစ် သန်လျင် မင်းကျောင်းဆရာတော်ကို ရွေးချယ် တင်မြှောက်

 လစ်လပ်လျက်ရှိသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဌ နှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန)ဥက္ကဌ နေရာအတွက်  သန်လျင်မင်းကျောင်းဆရာတော်အား  ရွေးချယ် တင်မြှောက်လိုက်ကြောင်း သိရသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသ(ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက်)အား  နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဌ နှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန)ဥက္ကဌ ဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များက အဆိုပြု ရွေးချယ်ကာ တင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဌ အဖြစ် ရွေးချယ်ရာတွင် လက်ရှိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင်ဆရာတော်က ဥက္ကဌအဖြစ် တင်မြှောက်ခံရသည့် အစဉ်အလာအရ အကျိုးတော်ဆောင်ဆရာတော် ဖြစ်သူ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အား တင်မြှောက်လိုက်ကြခြင်း ဖြစ်သည်။

 သန်လျင်မင်းကျောင်းဆရာတော်သည် ယခုလို တင်မြှောက်ခြင်းမခံရမီ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင် အဖြစ် (၈)နှစ်တိုင်တိုင်  ဗန်းမော်ဆရာတော်ကြီးနှင့်အတူ သာသနာ့ဝန်များကို ဆောင်ရွက်တော်ခဲ့ပြီး ဗန်းမော်ဆရာတော်ကြီး ပျံလွန်သွား၍ လစ်လပ်နေသည့် ဥက္ကဌ နေရာအတွက် ဆဌအစည်းအဝေး၏ ဒုတိယမြောက်နေ့ဖြစ်သည့် မတ်လ(၉)ရက်နေ့တွင် တင်မြှောက်ခြင်း ဖြစ်သည်။

အဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဌအစည်းအဝေးအား ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူတော်ကြီးတွင် ၂၀၂၄ခုနှစ် မတ်လ(၈)ရက်နေ့က စပြီး ကျင်းပခြင်း ဖြစ်သည်။

ယခု တင်မြှောက်ခံရသည့် သန်လျင်မင်းကျောင်းဆရာတော်သည် သက်တော်(၇၇)နှစ် ဝါတော်(၅၇)ဝါရှိပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဌ နှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန)ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည့် နဝမမြောက် ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသသည် ၂၀၂၃ခုနှစ် မေလ(၂၅)ရက်နေ့က ပျံလွန်တော်မူသွားသည့်အတွက် လစ်လပ်သွားသော အဆိုပါနေရာအား (၁၀)လဝန်းကျင်အကြာတွင် ယခုလို တင်မြှောက်ကြခြင်း ဖြစ်သည်။