စစ်တပ်က ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ ၁၄၀၀ ကျော်ရှိပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်

စစ်တပ်က ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ ၁၄၀၀ ကျော်ရှိပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်
စက်တင်ဘာ 29, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းပြီးနောက် သတ်ဖြတ်ခံရသူမှာ (၁၄၄၃)ဦးရှိပြီး စစ်ကိုင်းတိုင်းတွင် (၈၃၂)ဦးဖြင့် အများဆုံး သတ်ဖြတ်ခံရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၉)ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့အထိ နိုင်ငံတဝန်း စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခံရပြီး သတ်ဖြတ်ခံရသူ အရေအတွက်မှာ ၂၀၂၁ ခုနှစ်တွင် (၃၂၄)ဦး၊ ၂၀၂၂ ခုနှစ်တွင် (၆၄၉)ဦးနှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလ(၂၉)ရက်နေ့အထိ (၄၇၀)ဦးရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူမှာ (၄၁၃၁)ဦး ရှိခဲ့ပြီဖြစ်ကာ အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူမှာ (၄၅၀)ဦးဝန်းကျင်ရှိနေသေးသည်ဟု ဆိုသည်။

အာဏာသိမ်းမှုဖြစ်စဉ်နှင့်ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း(၂၄,၈၅၈)ဦးရှိပြီး ယင်းအထဲမှ (၁၉,၂၈၆)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၇,၃၉၆)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။ 

ယနေ့ စက်တင်ဘာလ (၂၉)ရက်နေ့အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ (၁၁၀)ဦးရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃)ဦး အပါအဝင် (၁၁၉)ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသည်ဟု သိရသည်။

#TachileikNewsAgency