သရဲခြောက်သည်ဟု နာမည်ကြီးသည့် ဟင်းငုတ်ပင်ကြီးအနီးတွင် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်း ပဒေသာမိုင်းဆွဲ တိုက်ခိုက် ခံရ

သရဲခြောက်သည်ဟု နာမည်ကြီးသည့် ဟင်းငုတ်ပင်ကြီးအနီးတွင် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်း ပဒေသာမိုင်းဆွဲ တိုက်ခိုက် ခံရ
ဇန်နဝါရီ 17, 2022 | အခြားဒေသများ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း မန္တလေး - မိုးကုတ်လမ်းမကြီးအတိုင်း မန္တလေးဘက်သို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့ နေ့လယ်ပိုင်းက မောင်းနှင်လာသည့် အာဏာသိမ်းတပ်၏ စစ်ကား (၉)စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် အနီးရှိကျေးရွာမှ ကလေးတစ်ဦး၏ လည်ပင်းကို ထိမှန်သွားကြောင်း သိရသည်။

ကလေးကကျောက်တံတားဘေးက ဘိုကုန်းရွာက။ ရွာတွေထဲကိုပါ ဝင်ပစ်တာ။ လမ်းပေါ်မှာ ကားတွေ အကုန်ရပ်ထားရတာ။ အခုတော့ လမ်းပြန်ဖွင့်ပေးလိုက်ပြီ။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ညနေပိုင်းတွင် ပြောသည်။

သပြေပင်ကုန်းကျေးရွာနှင့် မြောင်းသစ်ကျေးရွာကြား သရဲခြောက်သည်ဟု နာမည်ကြီးသည့် ဟင်းငုတ်ပင်ကြီးအနီးတွင် အာဏာသိမ်းစစ်တပ်၏ယာဉ်တန်းမှာ ပဒေသာမိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်၍ အသေအပျောက်များနိုင်သည်ဟု ခန့်မှန်းထားကြသည်။

အာဏာသိမ်းစစ်တပ်သည် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လမ်းမကြီးကို ပိတ်လိုက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကြသဖြင့် အသက် (၈)နှစ်အရွယ် ကလေးငယ်ကို ကျည်ထိမှန်သွားသည့်အပြင် လမ်းသွားလမ်းလာ လူငယ်များကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို  ပ.က.ဖ-မတ္တရာက လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကြေညာထားသည်။