ဆီဆိုင်မြို့ကို စစ်ကောင်စီက ဒုတိယအကြိမ် အဆိပ်ငွေ့ဗုံးကြဲချ

ဆီဆိုင်မြို့ကို စစ်ကောင်စီက ဒုတိယအကြိမ် အဆိပ်ငွေ့ဗုံးကြဲချ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် မတ်လ (၈)ရက်နေ့တွင် အဆိပ်ငွေ့ဗုံးတစ်လုံးအပါအဝင် လက်နက်ကြီးနှင့် ဒရုန်းများဖြင့် အကြိမ်(၁၀၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PNLAထံမှ သိရသည်။

စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် မြို့တွင်းရှိ နေအိမ် (၁၀)လုံးဝန်းကျင် ပျက်စီးခဲ့ရပြီး စစ်ကောင်စီ၏ ဒရုန်းဖြင့် ဓာတုအဆိပ်ငွေ့ဗုံးတစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခြင်းကြောင့်လည်း PNLA တပ်ဖွဲ့ဝင်အချို့ အဆိပ်သင့်ခြင်းများ ဖြစ်ခဲ့သည်ဟု သိရသည်။

အဆိပ်သင့်သည့် ရဲဘော်များသည် နှာခေါင်းသွေးယိုစီးခြင်း၊ အရေပြားယားယံခြင်း၊ မူးဝေခြင်း၊ အသက်ရှူမြန်ဆန်ခြင်း၊ မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမှု မြန်ဆန်ခြင်း၊ မောပန်းခြင်းနှင့် အောက်စီဂျင်ကျခြင်းများကို ခံစားခဲ့ကြရသည်ဟု သိရသည်။

စစ်ကောင်စီမှ ဓာတုအဆိပ်ငွေ့ဗုံးကြဲချတိုက်ခိုက်ခြင်းကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူများ၊ တပ်ဖွဲ့ဝင်များကို ဆေးဝါးကုသပေးနေရဆဲဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီသည် မတ်လ(၆)ရက်နေ့တွင်လည်း ဆီဆိုင်မြို့ကို ဓာတုအဆိပ်ငွေ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့ကို (၂)ကြိမ်မြောက် အဆိပ်ငွေ့ဗုံးသုံးပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယမန်နေ့တွင်လည်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံ ဦးခွန်ထွန်း ထိခိုက်သေဆုံးခဲ့ရပြီး နေအိမ် (၆)လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PNLA News & Info