ထီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ ရွာလုံးကျွတ်မီးရှို့ပြီးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် PDA တို့ တိုက်ပွဲဖြစ်ပွား

ထီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ ရွာလုံးကျွတ်မီးရှို့ပြီးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် PDA တို့ တိုက်ပွဲဖြစ်ပွား

 မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးကာ ရွာလုံးကျွတ် မီးရှို့ခဲ့သည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)ထံမှ သိရ သည်။



၎င်းစစ်ကောင်စီတပ်ကို ၂၀၂၃ခုနှစ် မေလ(၇)ရက်နေ့၏ နံနက်ပိုင်းက ထီးလင်းမြို့နယ်၊ အလည်ပန်းရွာမှ အညာပန်းရွာသို့ စစ်ကြောင်းထိုးလာစဥ် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) အမှတ် ( ၁ )နှင့် ထီးလင်း PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးသူရှိခဲ့သည်ဟု ဆိုသည်။



"အခု အညာပန်းရွာမှာ တိုက်ပွဲဆက်ဖြစ်နေပါတယ်။ သူတို့ ရွာထဲကို ဝင်လိုက်၊ ထွက်လိုက်လုပ်နေတယ်။"ဟု ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) အမှတ် (၁)တပ်ရေးက Tachileik News Agency ကို ပြောသည်။





စစ်ကောင်စီတပ်သည် မေလ (၅)ရက်နေ့နှင့် (၆)ရက်နေ့တိုတွင် အကြည်ပန်းရွာကို ဝင်ရောက်၍ နှစ်ရက်ကြာ ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးပြီးနောက် မေလ(၇)ရက်နေ့တွင် စစ်ကူခေါ်ကာ ထပ်မံစစ်ကြောင်းထိုးလာ သဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



"အကြည်ပန်းရွာကို ရွာလုံးကျွတ်မီးရှို့သွားတယ်။ တစ်အိမ်မှ မကျန်ခဲ့ဘူး။ ဒေသခံတွေ အကုန်လုံးကတော့ လွတ်မြောက်ရာမှာရှိတယ်။ ဒေသခံတွေ ထိခိုက်ဆုံးရှုံးတာတွေမရှိခဲ့ဘူး။"ဟု ၎င်းက ဆက်ပြောသည်။



လက်ရှိတွင် စစ်ရေးတင်းမာနေသဖြင့် နောက်ဆက်တွဲအခြေအနေကို မသိရသေးဟု ဆိုသည်။



#TachileikNewsAgency